CNI International News

ဘူဒါပတ်၊ မတ်လ ၂၈

ဖင်လန်၏ နေတိုးအဖွဲ့တွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းမှုကို ဟန်ဂေရီလွှတ်တော်က တနင်္လာနေ့တွင် အတည်ပြု ပေးခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။

ဟန်ဂေရီလွှတ်တော်၏ အတည်ပြု ထောက်ခံခြင်းက ဖင်လန်၏ နေတိုးအဖွဲ့ဝင် ဖြစ်ရေးအတွက်လည်း ခြေတစ်လှမ်း ပိုမိုနီးကပ် လာစေခဲ့သည်။

ဖင်လန်အရေးကို ဟန်ဂေရီလွှတ်တော်တွင် ထောက်ခံမဲ ၁၈၂ မဲ၊ ကန့်ကွက်မဲ ၆ မဲဖြင့် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ဟန်ဂေရီအစိုးရသည် တခြားသော နေတိုးအဖွဲ့ဝင် နိုင်ငံအားလုံးနီးပါးက ဖင်လန်အတွက် အတည်ပြု ပေးပြီးနေ ချိန်တွင် ထိုမဲခွဲမှုကို ပြုလုပ်ရန် မကြာခဏဆိုသလို ရွှေ့ဆိုင်းနေခြင်းကြောင့် နေတိုးအဖွဲ့ဝင်များ၏ အမြင်မကြည် မှုနှင့် လပေါင်းများစွာ ရင်ဆိုင်ခဲ့ရသည်။

ဖင်လန်၏ အဆိုပြုချက်ကို လက်ခံခဲ့သော်လည်း ဆွီဒင်၏ အဆိုပြုချက်ကို မဲခွဲဆုံးဖြတ်ရန်အတွက် ဆွီဒင်ဘက်မှ သဘောထား ကွဲလွဲမှုများကို ဦးစွာ ဖြေရှင်းပေးရန် လိုအပ်သည်ဟု ဟန်ဂေရီ အာဏာရပါတီ အဖွဲ့ဝင်များက ပြောခဲ့ သည်။

ဟန်ဂေရီလွှတ်တော်ကိုတွေ့ရစဉ်

ဖင်လန်နှင့် ဆွီဒင်တို့သည် ရုရှား၏ ယူကရိန်းကျူးကျော်မှုကြောင့် နေတိုးအဖွဲ့ဝင် ဖြစ်ရေးပူးတွဲလျှောက်ထား ခဲ့ခြင်းဖြစ်သည်။

ဆွီဒင်၏ အဆိုပြုမှုအတွက် ပိုမို မသေချာမရေရာ ဖြစ်စေသည်မှာ နေတိုးအဖွဲ့ဝင် တူရကီနိုင်ငံ၏ ကန့်ကွက်မှု ကြောင့် ဖြစ်သည်။ ဆွီဒင်သည် အကြမ်းဖက်ဟု ယူဆရသည့် အဖွဲ့အစည်းများကို ကိုင်တွင်ရာတွင် ပျော့ပြောင်း လွန်းနေသည်ဟုလည်း စွပ်စွဲခံထားရသည်။

ဟန်ဂေရီ၏ အာဏာရ Fidesz ပါတီသည် ဖင်လန်၊ ဆွီဒင်တို့အတွက် အတည်ပြုမှုကို အကြောင်းပြချက်များ ပေးကာ ရွှေ့ဆိုင်းနေကြောင်း၊ ထပ်မံရွှေ့ဆိုင်းလျှင် နောက်တစ်ကြိမ် မဲပေးမှုသည် ဧပြီလ အစောပိုင်း သို့မဟုတ် မတ်လ အထိပင် ရောက်ရှိသွားနိုင်ကြောင်း ဟန်ဂေရီအတိုက်အခံ လွှတ်တော်အမတ် တစ်ဦးဖြစ်သူ အက်ဂ်နက်စ် ဗာဒိုင် (Agnes Vadai) က ပြောသည်။

နေတိုးအဖွဲ့သို့ ဝင်ရောက်ရေးသည် ပုဂ္ဂိုလ်ရေး ခံစားချက်နှင့် အကြပ်ကိုင်မှုအတွက် မဖြစ်သင့်ဟုလည်း ၎င်းက ပြောသည်။

လက်ရှိတွင် တူရကီသည် နေတိုးအဖွဲ့ဝင် နိုင်ငံ ၃၀ မှ ဖင်လန်၏ အဖွဲ့ဝင်ဖြစ်ရန် လျှောက်ထားမှုကို လက်မခံ သေးသည့် တစ်ခုတည်းသော နိုင်ငံအဖြစ် ကျန်ရစ်တော့သည်။ အဖွဲ့တွင်းသို့ အဖွဲ့ဝင်သစ် ထည့်ရန်အတွက် အဖွဲ့ဝင် အားလုံး၏ အတည်ပြုမှု လိုအပ်သည်။

ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာအော်ဘန်ကိုတွေ့ရစဉ်

သို့သော် တူရကီလွှတ်တော်၏ နိုင်ငံခြားရေးရာကော်မတီသည် ပြီးခဲ့သည့် သီတင်းပတ်တွင် ဖင်လန်၏ အဖွဲ့ဝင် ဖြစ်ခွင့် လျှောက်ထားမှုကို အတည်ပြုပေးခဲ့သည်။ ထို့ကြောင့် ထိုကိစ္စအတွက် မဲခွဲဆုံးဖြတ်မှုကို မေလ ၁၄ ရက် နေ့က တူရကီ၏ သမ္မတနှင့် လွှတ်တော် ရွေးကောက်ပွဲ မတိုင်ခင် ကျင်းပသွားမည်ဟုလည်း ယူဆရသည်။

ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာအော်ဘန် (Viktor Orban)သည် နေတိုးအဖွဲ့ဝင်သစ် တိုးမြှင့်ရေးကို ထောက်ခံ ကြောင်း ကာလရှည် ပြသခဲ့သော်လည်း အစိုးရအဖွဲ့ကမူ ဆွီဒင်နှင့်ဖင်လန် နိုင်ငံရေးသမားများသည် ဟန်ဂေရီ၏ ဒီမိုကရေစီစနစ်နှင့် ပတ်သက်၍ လိမ်ညာပြောဆိုမှုများ လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲထားသည်။

ထိုအချက်က အာဏာရပါတီ လွှတ်တော်အမတ်များအတွက် ထိုနိုင်ငံ၏ နေတိုးအဖွဲ့တွင်းသို့ ဝင်ရောက်ခွင့် လျှောက်ထားချက်အပေါ် မဲပေးမှုတွင် မည်သို့ လုပ်ဆောင်ရမည်ကို မရေရာ ဖြစ်စေလျက်ရှိသည်။

Source: AP