CNI International News

နယူးဒေလီ၊ မတ်လ ၂၈

အနက်ရောင်ဝတ်ဆင်ထားသော အတိုက်အခံပါတီအဖွဲ့ဝင်များက တနင်္လာနေ့က အိန္ဒိယလွှတ်တော်ကို နှောင့်ယှက်ခဲ့ကာ မြို့တော်နယူးဒေလီ (New Delhi) တွင် ဆန္ဒပြပွဲများလုပ်ဆောင်ခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြသည်။

ထင်ရှားသော အတိုက်အခံခေါင်းဆောင်တစ်ဖြစ်လဲ ဝန်ကြီးချုပ် မိုဒီ (Modi) အား ဝေဖန်သူ ရာဟူးဂန္ဒီ(Rahul Ganhi)အား ပြီးခဲ့သည့် သီတင်းပတ်က လွှတ်တော်မှ ဖယ်ရှားခဲ့ပြီးနောက် ယခုကဲ့သို့လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဒေလီမြို့လယ်ခေါင်တွင် ဂန္ဒီ၏ ကွန်ဂရက်ပါတီအား ထောက်ခံသူ ရာပေါင်းများစွာက ဆုဝေးဆန္ဒပြခဲ့ကြပြီး ဒါဇင်နှင့်ချီ ဖမ်းဆီးခံခဲ့ရသည်။ အတိုက်အခံပါတီ ၁၈ ခုမှ လွှတ်တော်အမတ်များသည်လည်း လွှတ်တော် အပြင်ဘက်တွင် စုဝေးခဲ့ပြီး ဝမ်းနည်းပူဆွေးသည့်သဘောဖြင့် အနက်ရောင်များဝတ်ဆင်ကာ အိန္ဒိယ၏ ဒီမိုကရေစီစနစ်သည် အန္တရာယ်ရှိနေသည်ဟု သတိပေးထားသည့် ပိုစတာများကို ကိုင်ဆောင်ဆန္ဒပြခဲ့ကြသည်။

ပါလီမန်မှ ထုတ်ပယ်ခြင်းကို ဆန့်ကျင်သည့် ခေါင်းဆောင် ရာဟူးဂန္ဒီကို ထောက်ခံသူတစ်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလာစဉ်(ဓါတ်ပုံ-အေပီ)

ရာဟူးဂန္ဒီသည် ၂၀၁၉ ခုနှစ်က ဝန်ကြီးချုပ်မိုဒီအား လှောင်ပြောင်သည့် စကားအသုံးအနှုံးများကြောင့် အသရေဖျက်မှုနှင့် ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံခဲ့ရသည်။ ထိုသို့ ချမှတ်ခံခဲ့ရပြီး တစ်ရက်အကြာ သောကြာနေ့တွင် လွှတ်တော်အမတ်ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။ ရာဟူးအပေါ် အပြစ်ပေးမှုအတွက် ဝန်ကြီးချုပ် မိုဒီကို အတိုက်အခံ များက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြကာ အစိုးရသည် ဒီမိုကရေစီနှင့် လွတ်လပ်စွာပြောဆိုမှုကို လျော့ပါးစေရန် လုပ်ဆောင်နေသည်ဟု စွပ်စွဲခဲ့ကြသည်။
ရာဟူး လွှတ်တော်မှ ဖယ်ရှားခံခဲ့ရခြင်းသည် လာမည့်နှစ် ရွေးကောက်ပွဲ ကျင်းပရန်ရှိနေချိန်တွင် အတိုက်အခံ ကွန်ဂရက်ပါတီအတွက် ကြီးမားသည့် ထိုးနှက်ချက်တစ်ခုကိုလည်း ဖြစ်စေသည်။ အစိုးရသည် အတိုက်အခံများနှင့် အတိုက်အခံများ၏အသံကို ဖိနှိပ်လိုနေသည်ဟု ကွန်ဂရက်ပါတီ ဥက္ကဋ္ဌက ပြောသည်။ ၎င်းသည် မိုဒီနှင့် စီးပွားရေး လုပ်ငန်းရှင် ဂူတမ် အက်ဒါနီ (Gautam Adani) တို့ အကြားဆက်ဆံရေးကို မေးခွန်းထုတ်ခဲ့မှုအတွက် ယခုကဲ့သို့ ပစ်မှတ်ထားတိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ရာဟူးက သီတင်းပတ်ကုန်ပိုင်းတွင် ပြောခဲ့သည်။

ရာဟူးဂန္ဒီကို ထောက်ခံအားပေးသူများကိုတွေ့ရစဉ်(ဓါတ်ပုံ-အေပီ)

အက်ဒါနီအုပ်စုသည် ပြီးခဲ့သည့် ဇန်နဝါရီလတွင် ဒေါ်လာဘီလီယံနှင့်ချီ တန်ဖိုးရှိသော စတော့ဈေးကစားခြင်း၊ လိမ်ညာခြင်းများ လုပ်ဆောင်ခဲ့သည်ဟု အမေရိကန် Hindenburg Research အဖွဲ့က စွပ်စွဲခဲ့သည်။ ထိုအချိန်မှစ၍ ရာဟူးသည် အက်ဒါနီအုပ်စု၏လုပ်ငန်းများအကြောင်းကို စုံစမ်းစစ်ဆေးမှုလုပ်ဆောင်ရန် တောင်းဆိုခဲ့သည်။

မိုဒီ၏ BJP ပါတီဘက်က အက်ဒါနီအုပ်စုနှင့် ဝန်ကြီးချုပ်တို့အကြား မည်သည့်ဆက်စပ်မှုမျှမရှိဟု ငြင်းဆိုထား သည်။ ရာဟူးကို ထောက်ခံသည့် အတိုက်အခံများက ထိုကိစ္စကို စုံစမ်းစစ်ဆေးပေးရန်လည်း ထပ်မံ တောင်းဆို ခဲ့ကြသည်။

Source:AP