CNI International News

ဘန်ဂါလူရူ၊ဖေဖော်ဝါရီ ၁၃

ယခု သီတင်းပတ်အတွင်း ကျင်းပမည့် အဓိကကျသော လေကြောင်းပြပွဲ တစ်ခု၌ အိန္ဒိယနိုင်ငံသည် ဒေါ်လာ ဘီလီယံ ပေါင်းများစွာ တန်ကြေးရှိ စစ်ဘက်လေယာဉ်များကို ဝယ်ယူရန်၊ အရပ်ဘက် လိုအပ်ချက်ကို ဖြည့်စည်း ရေးအတွက် အရပ်ဘက်သုံး လေယာဉ်စာချုပ်များ ချုပ်ဆိုရန်နှင့် အိန္ဒိယတွင် လာရောက် ထုတ်လုပ်ရေးအတွက် ကမ္ဘာ့လေယာဉ်ထုတ်ကုမ္ပဏီများကို တွန်းအားပေးရန် ကြိုးပမ်းသွားမည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

နျူကလီးယား ပြိုင်ဘက်များဖြစ်သော တရုတ်နှင့်ပါကစ္စတန်တို့၏ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသော အိန္ဒိယ သည် ကမ္ဘာ့စတုတ္တအကြီးဆုံး လေတပ်အင်အားကို ပိုင်ဆိုင်ထားသော်လည်း ဆိုဗီယက်ခေတ် လက်ကျန်များ ဖြစ်နေခြင်းကြောင့် လေတပ်ကို ခေတ်မီအောင် ဆောင်ရွက်ရန် လိုအပ်နေသည်။

အိန္ဒိယသမုဒ္ဒရာတွင် တရုတ်၏ အင်အားကြီးထွားလာမှုကို လိုက်မှီရန် လေယာဉ်တင် သင်္ဘောများအတွက် လေယာဉ်များလည်း လိုအပ်နေသည်။ တနင်္လာနေ့မှ စတင်ကာ ဘန်ဂါလူရူတွင် Aero India လေကြောင်းပြပွဲကို လက်ခံကျင်းပသွားရန် ပြင်ဆင်နေချိန်တွင် အိန္ဒိယလေကြောင်း လိုင်းများသည်လည်း တိုးချဲ့ရန် စီစဉ်နေသည်။

လေကြောင်းပြပွဲကိုတွေ့ရစဉ်

Air India သည် Airbus နှင့် Boeing ကုမ္ပဏီတို့မှ ဒေါ်လာ ဘီလီယံ ၁၀၀ တန်ကြေးရှိ ဂျက်လေယာဉ် အစင်း ၅၀၀ နီးပါးကို စံချိန်တင် ဝယ်ယူမှုပြု လုပ်ကြောင်း ကြေညာမည်ဟု ယူဆရသည်။

IndiGo လေကြောင်းလိုင်းသည်လည်း Air India ကဲ့သို့ပင် အချီကြီး ဝယ်ယူမှု လုပ်ဆောင်နိုင်သည်ဟု CAPA India လေကြောင်း အတိုင်ပင်ခံ အဖွဲ့က ပြောသည်။

Air India နှင့် IndiGo တို့ အပါအဝင် အိန္ဒိယလေကြောင်း ကုမ္ပဏီများသည် လာမည့်နှစ်များအတွင်း လေယာဉ် အစင်းရေ ၁၅၀၀ မှ ၁၇၀၀ အထိ ဝယ်ယူမည်ဟုလည်း ယင်းက ခန့်မှန်းသည်။

လေကြောင်းပြပွဲသည် တနင်္လာနေ့မှ သောကြာနေ့အထိ ငါးရက်ကြာ ကျင်းပမည်ဖြစ်ကာ ယင်းကို ဝန်ကြီးချုပ် မိုဒီက ဖွင့်လှစ်ပေးမည်။

ထိုပြပွဲသည် စစ်ဘက်သုံး လေယာဉ်များကသာ ကြီးစိုးသွားမည် ဖြစ်သော်လည်း ယင်းက ပြည်တွင်း လေကြောင်း သွားလာမှုနှင့် နိုင်ငံတကာလေကြောင်း သွားလာမှုတွင် ပြန်လည်တည်ဆောက်ရေး အိန္ဒိယအစိုးရ၏ ကြိုးပမ်းမှုကို ထင်ဟပ်စေသည်။

လေကြောင်းပြပွဲကို တွေ့ရစဉ်

မိုဒီသည် ၎င်း၏စီးပွားရေး မူဝါဒတွင် ပြည်တွင်းဖြစ်ကဏ္ဍကို အရေးပါသော နေရာ၌ ထည့်သွင်းထားပြီး Lockheed Martin၊ Boeing နှင့် Airbus ကဲ့သို့ လေယာဉ်ထုတ် ကုမ္ပဏီများအနေဖြင့် နည်းပညာမျှဝေးခြင်း သို့မဟုတ် အိန္ဒိယ တွင် လေယာဉ် အစိတ်အပိုင်းများ ထုတ်လုပ်ခြင်းထက်ပိုသော ထုတ်လုပ်မှုများကို လုပ်ဆောင်ခြင်း စသည်တို့ ပြုလုပ်ရန် တိုက်တွန်းထားသည်။

အဆင့်မြင့်နည်းပညာများကို မျှဝေးခြင်းနှင့် ပြည်တွင်း၌ ထုတ်လုပ်ခြင်း စသော တိုက်တွန်းမှုများက အိန္ဒိယနိုင်ငံ အား အမေရိကန်၊ ရုရှားနှင့် တရုတ်ကဲ့သို့ စစ်ဘက်ဆိုင်ရာ စူပါပါဝါနိုင်ငံများနှင့် တစ်တန်းထဲတွင် ရှိနေစေရေး မိုဒီ၏ ရည်မှန်းချက်ကိုလည်း ပေါ်လွင်စေသည်။

တစ်ချိန်တည်းမှာပင် အိန္ဒိယလေကြောင်းလိုင်းများသည်လည်း နိုင်ငံတကာ ခရီးသည်များ စီးနင်းမှုတွင် ပိုမို ကြီးမားသော ရှယ်ယာရရှိရေးအတွက် Emirates လေကြောင်းလိုင်းကဲ့သို့ ပြိုင်ဘက် များနှင့် ယှဉ်ပြိုင်မှု ပြုလုပ် လျက် ရှိသည်။

Source: Reuters