CNI International News

ဘေဂျင်း၊ဖေဖော်ဝါရီ - ၁၃

အမေရိကန်၏ ရန်ဘက်ဖြစ်သူ အီရန်သမ္မတ အီဗရာဟင် ရိုင်ဆီသည် တရုတ်နှင့်ဆက်ဆံရေး တိုးမြှင့်ရန်အတွက် တရုတ်သို့ သွားမည်ဖြစ်ကြောင်း သိရသည်။

အင်္ဂါနေ့တွင် စတင်မည့် သုံးရက်ကြာ တရုတ်ခရီးစဉ်တွင် အီရန်သမ္မတ အီဗရာဟင် ရိုင်ဆီ (Ebrahim Raisi) သည် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) နှင့် တွေ့ဆုံသွားမည်ဟု အေပီသတင်းတွင် ဖော်ပြသည်။

တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟွာချန်ရင် (Hua Chunying) က အီရန်သမ္မတ ခရီးစဉ်နှင့် ပတ်သက်ပြီး တနင်္ဂနွေနေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

ရှီက ရိုင်ဆီကို ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်ဟု ဟွာချန်ရင်က ပြောသည်။

ရိုင်ဆီသည် ရှီနှင့်တွေ့ဆုံပြီးနောက်မှာတော့ ကိုယ်စားလှယ်အဖွဲ့သည် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စာရွက် စာတမ်းများကို လက်မှတ်ရေးထိုးမည်ဟု အီရန် နိုင်ငံပိုင် IRNA သတင်းတွင် ဖော်ပြသည်။

ရှီကျင့်ဖျင်နဲ့ဘိုင်ဒန်ကိုတွေ့ရစဉ်(Reuters)

အီရန်၊ တရုတ်စီးပွားရေး ခေါင်းဆောင်များ တွေ့ဆုံခြင်း၊ တရုတ်ရှိ အီရန်နိုင်ငံသားများနှင့် တွေ့ဆုံခြင်းသည်လည်း သမ္မတ၏ ခရီးစဉ်တွင် ပါဝင်သည်ဟု သတင်းတွင် ရေးသားထားသည်။

ရိုင်ဆီ၏ တရုတ်ခရီးစဉ်သည် အမေရိကန်ဦးဆောင်သည့် ကမ္ဘာ့ရေးရာများအပေါ် အနောက်အုပ်စု၏ လွှမ်းမိုးထား ခြင်းအပေါ် ဆန့်ကျင်သည့် နှစ်နိုင်ငံအကြား ဆက်ဆံရေးများကို ခိုင်မာအောင် လုပ်ဆောင်မည်ဟု ယူဆရသည်။

ခေါင်းဆောင်နှစ်ဦးသည် ပြီးခဲ့သည့် စက်တင်ဘာတွင် အဇာဘိုင်ဂျန်၌ တွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံမှုတွင် တရုတ်၏ အီရန်အပေါ် ထောက်ပံ့မှုများကို ရှီက အလေးအနက်ထား ပြောကြားခဲ့သည်။

တရုတ်ဒုတိယဝန်ကြီးချုပ် ဟူချန်းဟွာ (Hu Chunhua) နှင့် ဒီဇင်ဘာလက တွေ့ဆုံမှုတွင် မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးကို ခိုင်မာအောင် ဆောင်ရွက်ရေး ကတိအတိုင်း ဆက်ရှိနေမည်ဟု ရိုင်ဆီက ကတိပေးခဲ့ သည်။

တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟွာချန်ရင်ကိုတွေ့ရစဉ်(GETTY IMAGES)

တရုတ်သည် အီရန်၏ ရေနံကို အဓိက ဝယ်ယူသူဖြစ်ကာ အီရန်နိုင်ငံတွင်းရှိ ရင်းနှီးမြှုပ်နှံမှုများအတွက် အရေးပါ သော အရင်းအမြစ်တစ်ခုလည်း ဖြစ်သည်။

၂၀၂၁ ခုနှစ်တွင် တရုတ်နှင့် အီရန်တို့သည် ရေနံ၊ သတ္တုတူး ဖော်ရေးမှစ၍ သယ်ယူပို့ဆောင်ရေးနှင့် စိုက်ပျိုးရေး အထိ ပါဝင်သည့် အဓိကကျသော စီးပွားရေး လုပ်ဆောင်ချက်များ ပါဝင်သည့် ၂၅ နှစ် သက်တမ်းရှိ မဟာဗျူဟာ မြောက် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့သည်။

၎င်းတို့ နှစ်နိုင်ငံသည် အမေရိကန်နှင့်တင်းမာသော ဆက်ဆံရေးကို ပိုင်ဆိုင်ထားပြီး ရုရှားနှင့်အတူ အမေရိကန်အား တန်ပြန်နိုင်သည့် အင်အားစု တစ်ခု ဖြစ်စေရန် ကြိုပမ်းလျက်ရှိသည်။

Source: AP