CNI International News

လန်ဒန်၊ ဖေဖော်ဝါရီ ၁၃

ဒေသတွင်းလိုင်စင်ဖြင့် ယူကရိန်းတွင် လက်နက်များ၊ သံချပ်ကာကားများ ထုတ်လုပ်ရေးအတွက် ဗြိတိန် ကာကွယ်ရေးကဏ္ဍမှ ထိပ်တန်းအရာရှိများက ဆွေးနွေးမှုများလုပ်ဆောင်နေသည်ဟု Telegraph သတင်းတွင် စနေနေ့က ဖော်ပြသည်။

ထိုမှ အချို့သောအရာရှိများသည် ကိယက်ဗ်သို့သွားကာ ပူးတွဲထုတ်လုပ်ရေးအတွက် အခွင့်အလမ်းများ ရှာဖွေခဲ့ပြီး ဖြစ်သည်ဟုလည်း အဆိုပါသတင်းတွင် ဖော်ပြသည်။

ယင်းသို့ ဖော်ပြချက်အရ ဗြိတိန်ရှိကာကွယ်ရေးကုမ္ပဏီများသည် ၎င်းတို့ပြိုင်ဘက်များဖြစ်သော ပြင်သစ်နှင့်ဂျာမနီ တို့မှ ကုမ္ပဏီများသည် ယူကရိန်းနှင့်သဘောတူညီချက်များဦးစွာ ရရှိသွားမည်ကို စိုးရိမ်နေသည်ဟု သိရသည်။

လက်ရှိဆွေးနွေးမှုများသည် ဗြိတိန်ကို သဘောတူညီချက်ရရှိရေးအားသာချက်ဖြစ်စေသည်ဟု ကာကွယ်ရေး ကုမ္ပဏီအမှုဆောင်တစ်ဦးက ပြောသည်ကို ကိုးကားဖော်ပြထားသည်။ သို့သော် ထိုသို့ ထုတ်လုပ်ခွင့်ရရေးတွင် ဗြိတိန်အစိုးရ၏အတည်ပြုမှု လိုအပ်နေဆဲဖြစ်သည်။

ရုရှား၏ကျူးကျော်မှုကို ကာကွယ်ရန် ယူကရိန်းအစိုးရကို စစ်ဘက်အကူအညီများပေးရေးအတွက် ယင်း၏ အနောက်အုပ်စုမဟာမိတ်များက ဆောင်ရွက်နေစဉ်တွင် ယခုကဲ့သို့သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။ ဗြိတိန် အစိုးရသည်လည်း ယူကရိန်းအစိုးရအား Challenger 2 တင့်ကားများပေးရန် ပြီးခဲ့သည့်လတွင် ကတိပြုခဲ့သည်။

ယူကရိန်းစစ်သားများသည် အမေရိကန်လုပ် Javelin တင့်ကားဖျက်ဒုံးကျည်များကို ထရပ်ကားတစ်စီးပေါ် တင်ဆောင်နေစဉ်(ဓါတ်ပုံ-အေအက်ဖ်ပီ)

ယူကရိန်းသို့ တိုက်လေယာဉ်များထောက်ပံ့ရေးအတွက် လေ့လာမှုပြုလုပ်ရန် ဗြိတိန်ဝန်ကြီးချုပ် ရီရှီ ဆူနက် (Rishi Sunak) က ကာကွယ်ရေးဌာနကို ညွှန်ကြားထားသည်။ ထိုဆုံးဖြတ်ချက်ကို ဂရုတစိုက်ဆောင်ရွက်နေကြောင်း၊ တင်းမာမှုများ ပိုမိုမြင့်တက်လာနိုင်သည်ကိုလည်း သတိပြုမိကြောင်း ဆူနက်၏ ပြောခွင့်ရပုဂ္ဂိုလ်က ထုတ်ဖော်ပြောဆိုထားသည်။

ယူကရိန်းသို့တခြားနိုင်ငံများမှ လက်နက်များထောက်ပံ့ပေးခြင်းသည် လက်ရှိ ပဋိပက္ခကို ပိုမိုဆိုးရွားလာစေမည် ဖြစ်ကြောင်း၊ အနောက်အုပ်စုမှ ထောက်ပံ့ပေးသောလက်နက်များကို တရားဝင်ပစ်မှတ်များအဖြစ် သတ်မှတ် သွားမည်ဖြစ်ကြောင်း ရုရှားဘက်က ထပ်ဖန်တလဲလဲ သတိပေးထားသည်။

လက်နက်များ ထောက်ပံ့ခြင်းက လက်ရှိယူကရိန်းပဋိပက္ခ၏ ရလာဒ်ကို ပြောင်းလဲစေနိုင်မည်မဟုတ်ဟုလည်း ရုရှားအစိုးရပြောခွင့်ရ ပုဂ္ဂိုလ်က ကြာသပတေးနေ့တွင် ပြောသည်။

ယူကရိန်းကိုလက်နက်များထောက်ပံ့ပေးခြင်းက ယူကရိန်းနိုင်ငံကို ပို၍ အထိနာစေလိမ့်မည်ဟုလည်း ၎င်းက သတိပေးထားသည်။

Source:RT