CNI International News

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၃

ကနေဒါလေပိုင်နက်အတွင်း တွေ့ခဲ့ရသည့် အမျိုးအမည်မသိ ဆလင်ဒါပုံစံ အရာဝတ္တုတစ်ခုကို အမေရိကန် F-22 ဂျက်လေယာဉ်တစ်စင်းက စနေနေ့တွင် ပစ်ချခဲ့သည်ဟု ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ ပစ်ချမှုမတိုင်ခင် တရုတ်၏ မိုးပျံပူဖောင်းတစ်ခုကိုလည်း အမေရိကန်က ပစ်ချခဲ့ရသေးသည်။

ရေဒါတွေ့ရှိမှု တစ်ခုကို စုံစမ်းရန်အတွက် အမေရိကန်စစ်တပ်က မွန်တားနား (Montana) မှ ဂျက်လေယာဉ် များကို စေလွှတ်ခဲ့ပြီး ထိုအရာကြောင့် လေပိုင်နက်ကိုလည်း ယာယီပိတ်ခဲ့ရသည်။

ရေဒါတွင်ပေါ်သော အရာကို လေယာဉ်များက အမျိုးအမည် မခွဲခြားနိုင်ခဲ့ဟု မြောက်အမေရိက လေကြောင်း ကာကွယ်ရေးဌာနချုပ် (NORAD) က ပြောသည်။

ကနေဒါကာကွယ်ရေးဝန်ကြီး အနီတာအာနန်းကိုတွေ့ရစဉ်(GETTY IMAGES)

ထိုပစ်ချမှုကို ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒူး (Justin Trudeau) က စနေနေ့တွင် ပထမဆုံး ကြေညာခဲ့ ကာ အပျက်အစီးများအား ကနေဒါတပ်ဖွဲ့များက စုစည်း၊ စစ်ဆေးသွားမည်ဟု ဆိုသည်။

ကနေဒါကာကွယ်ရေးဝန်ကြီး အနီတာအာနန်း (Anita Anand) ကလည်း ထိုအရာ၏ မူရင်းဇစ်မြစ်နှင့် ပတ်သက်၍ ပြောဆိုရန် ငြင်းဆိုခဲ့ပြီး ယင်းသည် ဆလင်ဒါပုံစံ ရှိသည်ဟုသာ ပြောသည်။

ထိုအရာဝတ္တုသည် ပြီးခဲ့သည့် သီတင်းပတ်တွင် ပစ်ချခဲ့သော တရုတ်မိုးပျံပူးဖောင်းနှင့် ပုံစံခြင်း တူညီသော်လည်း ပို၍ သေးသည်ဟုလည်း သူမက ပြောသည်။

အမြင့်ပေ ၄၀၀၀၀ တွင် ပျံသန်းသော ထိုအရာသည် အရပ်ဘက် လေကြောင်း လမ်းအတွက် အန္တရာယ် ဖြစ်စေ နိုင်သောကြောင့် ဒေသစံတော်ချိန် ၃ နာရီ ၄၁ မိနစ်တွင် ပစ်ချခဲ့သည်ဟု ကနေဒါကာကွယ်ရေးဝန်ကြီးက ပြောသည်။

ထိုအရာကို သောကြာနေ့ နှောင်းပိုင်း အလက်စကာ (Alaska) ကောင်းကင်တွင် NORAD က သတိပြုမိခဲ့သည်ဟု ပင်တဂွန်က ပြောသည်။

မြောက်အမေရိက လေကြောင်း ကာကွယ်ရေးဌာနချုပ်ကိုတွေ့ရစဉ်(GETTY IMAGES)

ထိုအရာဝတ္တု ကနေဒါလေပိုင်နက်တွင်းသို့ ဝင်ရောက်လာချိန်တွင် ယင်းကို အလက်စကာ ပူးတွဲစစ်စခန်းမှ အမေရိကန် ဂျက်လေယာဉ်များက စောင့်ကြည့်ခဲ့ပြီး ကနေဒါ၏ CF-18 နှင့် CP-140 တို့ကလည်း ပူးပေါင်းခဲ့သည်။

နှစ်နိုင်ငံကြား အနီးကပ် ပူးပေါင်းဆောင်ရွက်ခဲ့ပြီးနောက် အမေရိကန် F-22 တစ်စင်းက AIM 9X ဒုံးကျည်အသုံးပြု ကာ ယင်းကို ပစ်ချခဲ့သည်ဟု ပင်တဂွန်ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

နှစ်နိုင်ငံ ခေါင်းဆောင်ခြင်း ဆက်သွယ်ခဲ့ပြီးနောက် အမေရိကန်စစ်တပ်ကို ကနေဒါနှင့် ပူးပေါင်းဆောင်ရွက်ရန် သမ္မတဘိုင်ဒန်က အမိန့်ပေးခဲ့သည်ဟုလည်း ပင်တဂွန်က ပြောသည်။

လေပိုင်နက် လုံခြုံရေးနှင့်ပတ်သက်၍ အနီးကပ် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရန် ခေါင်းဆောင်နှစ်ဦးက သဘောတူခဲ့သည်ဟုလည်းသိရသည်။

Source: Reuters