CNI International News

ဒွန်းနက်စ်၊ စက်တင်ဘာ ၁၂

အနောက်နိုင်ငံများသည် ယူကရိန်းကို လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ မစ်ရှင်များမှတစ်ဆင့် လက်နက် ထောက်ပံ့မှုများကို ပုန်းလျှိုးကွယ်လျှိုး လုပ်ဆောင်နေသည်ဟု ဒွန်းနက်စ် ပြည်သူ့သမ္မတနိုင်ငံ (Donetsk People's Republic - DPR) ၏ အကြီးအကဲ ဒန်းနစ် ပူရှီလင် (Denis Pushilin) က စက်တင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့ကြောင်း တာ့စ် သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

အနောက်နိုင်ငံများသည် ပြည်သူများအား ထိခိုက်နစ်နာစေသည့် လက်နက်များကို ထောက်ပံ့ပေးနေခြင်းအားဖြင့် စစ်ရာဇဝတ်မှုများတွင် ကြံရာပါများ ဖြစ်လာသည်ဟု ပူရှီလင်က ပြောသည်။

လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ရည်ရွယ်ချက်များကို ပုံဖျက်ပြီး လက်နက်များ ထောက်ပံ့သည့် ထို လုပ်ဆောင်ချက်သည် ရက်စက်ယုတ်မာသော ရာဇဝတ်မှုပုံစံတစ်ခု ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ယူကရိန်းသမ္မတ ဇာလန်းစကီးနဲ့ အမေရိကန်သမ္မတ ဘိုင်ဒန်ကိုတွေ့ရစဉ်

"လူသားချင်းစာနာ ထောက်ထားမှုဆိုတဲ့ စကားလုံးကို အသုံးပြုပြီး လက်နက်တွေ ထောက်ပံ့တာဟာ အလိမ် အညာတစ်ခု ဖြစ်ပါတယ်" ဟု ပူရှီလင်က ပြောကြားခဲ့သည်။

ထို့ပြင် ဒွန်းဘတ်စ် (Donbass) ဒေသရှိ အရပ်သားများကို တိုက်ခိုက်ရန် လက်နက်များ ထောက်ပံ့ရေးအတွက် လျာထားသည့် ဒေါ်လာ ဘီလျံနှင့်ချီသည့် ငွေကြေးများအား အာဖရိကတွင် သောက်သုံးရေ ပြတ်လပ်မှုကြောင့် သေဆုံးရမည့် အခြေအနေဖြင့် ရင်ဆိုင်နေရသော ကလေးငယ်များကို ကယ်တင်ရန် ရေပေးဝေရေးစနစ်များနှင့် ရေပိုက်လိုင်းအသစ်များ တည်ဆောက်ရေးမှာ အသုံးပြုသင့်သည်ဟုလည်း ပူရှီလင်က ထပ်လောင်း ပြောကြားခဲ့ သည်။

Source: တာ့စ်