CNI International News

နယူးဒေလီ၊ မတ်လ ၂၅

အိန္ဒိယ ပင်မအတိုက်အခံပါတီ ခေါင်းဆောင် ရာဟူးဂန္ဒီ (Rahul Gandhi) ကို လွှတ်တော်အဖွဲ့ဝင်အဖြစ်မှ ဖယ်ရှား ခဲ့သည်ဟု အယ်လ်ဂျာဇီးယားသတင်းတွင် ဖော်ပြသည်။ အသရေဖျက်မှုနှင့် ထောင်ဒဏ်နှစ်နှစ် အပြစ်ပေးခံခဲ့ရပြီး နောက် ယခုကဲ့သို့ ဖယ်ရှားခဲ့ခြင်း ဖြစ်သည်။

ပြစ်ဒဏ်ချမှတ်ခံရသောနေ့မှစ၍ ရာဟူးသည် ပါလီမန် အောက်လွှတ်တော် (Lok Sabha) ၏ အဖွဲ့ဝင်တစ်ဦး မဟုတ်တော့ကြောင်း လွှတ်တော်မှ သောကြာနေ့က ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်တွင် ဖော်ပြထား သည်။

အဆိုပါ ထုတ်ပြန်ချက်ပြီးထွက်ပေါ်လာသည့် တွစ်တာပို့စ်တစ်ခုတွင် ၎င်းသည် အိန္ဒိယအတွက် တိုက်ခိုက်နေကြောင်းနှင့် မည်သည့်ပေးဆပ်မှုမျိုးကိုမဆို ပြုလုပ်သွားမည်ဟု ရာဟူးက ဟိန္ဒူဘာသာဖြင့် ရေးသားထားသည်။ အသက် ၅၂ နှစ်အရွယ် ဂန္ဒီသည် ၂၀၁၉ အထွေထွေရွေးကောက်ပွဲမတိုင်ခင် ပြောခဲ့သောမိန့်ခွန်းနှင့်ပတ်သက်၍ ယခုကဲ့သို့အပြစ်ပေးခံရခြင်းဖြစ်ပြီး ထိုမိန့်ခွန်း၌ သူခိုးများတွင် မိုဒီဟူသော မျိုးရိုးနာမည်ပါရှိသည်ဟု ၎င်းကပြောခဲ့ ခြင်းဖြစ်သည်။

ပြစ်ဒဏ်အတွက် အထက်တရားရုံးတွင် အယူခံဝင်သွားမည်ဟုလည်း ၎င်း၏ပါတီက ပြောသည်။တရားရုံး အမိန့် တွင် နိုင်ငံရေးဆိုင်ရာ စေ့ဆော်မှုများပါဝင်နေကာ အာဏာရ BJP ပါတီသည် နိုင်ငံရေးပြိုင်ဘက်များကို ပစ်မှတ် ထားနေသည်ဟု ရာဟူး၏ ကွန်ဂရက် (Congress) ပါတီက ပြောခဲ့သည်။

အိန္ဒိယ၏ အတိုက်အခံခေါင်းဆောင် ရာဟူးဂန္ဒီသည် သောကြာနေ့တွင် နယူးဒေလီရှိ လွှတ်တော်မှ ထွက်ခွာသွားစဉ်(ဓါတ်ပုံ- ASSOCIATED PRESS)

ရာဟူးဂန္ဒီ လွှတ်တော်အတွင်း ရှိနေခြင်းထက် ပြည်သူများရှိသော အိန္ဒိယလမ်းမများပေါ်သို့ ရောက်ရှိသွားခြင်းက ပို၍ အန္တရာယ်များသည်ကို အစိုးရအနေဖြင့် မကြာခင်သဘောပေါက်နားလည်သွားလိမ့်မည်ဟုလည်း ကွန်ဂရက် ပါတီက ပြောသည်။ ရာဟူးအား ထောင်ဒဏ်နှစ်နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းနှင့်ပတ်သက်၍လည်း သောကြာနေ့ အစောပိုင်းတွင် ပါတီဝင်တစ်ချို့က ဆန္ဒပြမှုများ လုပ်ဆောင်ခဲ့သည်။

မိုဒီ (Modi) အစိုးရသည် ဝေဖန်သူများကို အသံတိတ်စေရန် အသရေဖျက်ခြင်း စွဲချက်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေသည်ဟု ဝေဖန်ခံထားရသည်။ ရာဟူးသည် မိုဒီ၏ အကြီးဆုံးနိုင်ငံရေးပြိုင်ဘက်ဖြစ်ကာ ဂူဂျာရက် (Gujarat) ပြည်နယ် ပြောစကားနှင့် ပတ်သက်သောစွဲချက်သည် ၎င်း ရင်ဆိုင်နေရသည့် တရားစွဲဆိုမှုများမှ တစ်ခုဖြစ်သည်။

သို့သော် BJP ဘက်က ထိုစွပ်စွဲချက်များကို ငြင်းဆိုကာ ရာဟူး၏ ပြောစကားသည် ဝန်ကြီးချုပ်ကဲ့သို့ မိုဒီဆိုသည့် နာမည်ကို ပိုင်ဆိုင်ထားသည့် အိန္ဒိလူမျိုးများကို စော်ကားမှုသာ ဖြစ်သည်ဟု ပြောသည်။ ရာဟူးက မိုဒီသည် ခရိုနီ အရင်းရှင်ဝါဒကို ကိုင်ဆွဲထားကာ တန်ဖိုးကြီးသော လုပ်ငန်းစာချုပ်များအတွက် စီးပွားလုပ်ငန်းတစ်ချို့ကို မျက်နှာလိုက်ပေးအပ်ခဲ့သည်ဟု စွပ်စွဲခဲ့ကြောင်းလည်း နယူးဒေလီ(New Delhi) ရှိ အယ်ဂျာဇီးယား သတင်း ထောက်က ပြောသည်။

Source:Aljazeera