CNI International News

ဟာဗားနား၊ မတ်လ ၂၈

အောက်လွှတ်တော်အတွက် ဥပဒေပြုလွှတ်တော်အမတ် ၄၇၀ ဦးကို မဲဆန္ဒရှင်များက မဲပေးရွေးချယ်ခဲ့သည်ဟု ကျူးဘား အာဏာပိုင်များက ပြောကြောင်း အယ်ဂျာဇီးယား သတင်းတွင် ဖော်ပြထားသည်။

အတိုက်အခံ ကိုယ်စားလှယ်လောင်း တစ်ဦးမှ မပါဝင်ဘဲ ရွေးကောက်ပွဲကို ကျင်းပခဲ့ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲတွင် ၇၅ ဒသမ ၉၂ ရာခိုင်နှုန်း ပါဝင်မဲပေးခဲ့သည်ဟု ရွေးကောက်ပွဲ အာဏာပိုင်များက ပြောသည်။

ယင်းက နိုဝင်ဘာလ မြူနီစီပယ် ရွေးကောက်ပွဲနှင့် ဆန္ဒခံယူပွဲတို့မှ မဲပေးသူ အရေအတွက်ထက် ပိုများသော ပမာဏလည်း ဖြစ်သည်။

ကျူးဘားရွေးကောက်ပွဲ မဲပုံးကိုတွေ့ရစဉ်

နိုင်ငံ၏ လက်ရှိ အခြေအနေနှင့် အနာဂတ်အတွက် အရေးပါသော ရွေးကောက်ပွဲ လုပ်ငန်းစဉ်များတွင် များပြားစွာ ပါဝင်ခဲ့ခြင်းကြောင့် မဲဆန္ဒရှင်များကို ကျေးဇူးတင်ကြောင်း ကျူးဘား အမျိုးသားရွေးကောက်ပွဲကောင်စီ၏ ဥက္ကဋ္ဌ ဖြစ်သူ အလီနာ ဘဲလ်ဆီယို (Alina Balseiro) က ပြောသည်။
ရွေးကောက်ပွဲသည် ကျူးဘားပြည်သူများအတွက် အောင်ပွဲဖြစ်သည်ဟု သမ္မတ မီဂွယ် ဒီယတ်ဇ်-ကာနယ် (Miguel Diaz-Canel) က ပြောသည်။

နိုင်ငံတွင်းရှိ မဲရုံပေါင်း ၂၃၆၄၈ ရုံကို တနင်္ဂနွေနေ့ ည ၇ နာရီတွင် ပိတ်ခဲ့သည်။ ယင်းက အာဏာပိုင်များ ကြိုတင် ကြေညာထားသည်ထက် တစ်နာရီ နောက်ကျနေသည်။
ကျူးဘားအစိုးရသည် တနင်္ဂနွေနေ့က ရွေးကောက်ပွဲတွင် အတိုက်အခံများကို ဝင်ရောက် ယှဉ်ပြိုခွင့် မပြုခဲ့သော ကြောင့် လွှတ်တော်အဖွဲ့ဝင် အများစုသည် ကျူးဘားကွန်မြူနစ်ပါတီ (PCC) အဖွဲ့ဝင်များ ဖြစ်သည်။

သို့သော် ကိုယ်စားလှယ်များ အနေဖြင့် အမတ်အဖြစ် ရွေးချယ်ခံရရန် မဲအရေအတွက် ၅၀ ရာခိုင်နှုန်း ရရှိရန် လိုအပ်မည်လည်း ဖြစ်သည်။

အမေရိကန်နဲ့ ကျူးဘားအလံကိုတွေ့ရစဉ်

ထိုရွေးကောက်ပွဲသည် အတိုက်အခံမရှိသော သို့မဟုတ် နိုင်ငံတကာမှ စောင့်ကြည့်မှု မရှိသော တစ်ပါတီ စနစ် အတွင်း ပြုလုပ်ခဲ့သည့်အတွက် အဓိပ္ပါယ်မရှိခြင်းကြောင့် ယင်းတွင် မပါဝင်ဘဲ အိမ်တွင်သာ နေကြရန် အတိုက်အခံများက တောင်းဆိုခဲ့ကြသည်။

ကျူးဘားအစိုးရသည် ရွေးကောက်ပွဲကို ၎င်းတို့ကိုယ်တိုင်သာ စောင့်ကြည့်ခဲ့ပြီး လွတ်လပ်သော နိုင်ငံတကာ စောင့်ကြည့်ရေးအဖွဲ့များကို ဝင်ရောက်ခွင့် မပြုခဲ့ပေ။

ထို့ကြောင့် အဆိုပါ ရွေးကောက်ပွဲသည် ဒီမိုကရေစီ နည်းလမ်းမကျဟု ကျူးဘားရှိ အမေရိကန်သံရုံးက ဝေဖန်ခဲ့သည်။

ထို့နောက် ရွေးကောက်ပွဲတွင် ကျူးဘားပြည်သူများသည် ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီ၏ အမည်ကို ရွေးချယ်၍ အမှန်ခြစ်ခြင်း သို့မဟုတ် အားလုံးကို မဲပေးပါသည် ဆိုသည်ကို ရွေးချယ်ခြင်း စသည်ဖြင့် ရွေးချယ် စရာနှစ်မျိုးဖြင့် မဲပေးခဲ့ရသည်ဟုလည်း သိရသည်။

Source: အယ်ဂျာဇီးယား