CNI News
၂၀၂၃ ခုနှစ်၊ မတ်လ ၂၇
 
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(EAO)တချို့ကို ပြတ်ပြတ်သား သား အရေးယူဆောင်ရွက်သွားမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
 
၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က ကျရောက်သည့် (၇၈) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမှာ မိန့်ခွန်းပြောကြားစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
 
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ဒီမိုကရေစီအပေါ် သဘောထားကွဲလွဲမှုကြောင့် လုပ်ဆောင် လာတဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို မည်သည့်နိုင်ငံ အစိုးရကမှ ခွင့်ပြုမှာမဟုတ်တဲ့အပြင် ဒီမိုကရေစီကို အကြမ်းဖက်နည်းလမ်းနဲ့လည်း ရရှိနိုင်မှာ မဟုတ်ကြောင်း ပြောကြားလိုတယ်။ ဒီအကြမ်းဖက်တိုက်ခိုက်မှုများဟာ နိုင်ငံရေးရည်ရွယ်ချက် ရှိရှိနဲ့ဖွဲ့စည်းခဲ့တဲ့ NUG က ပေါက်ဖွားလာတဲ့ PDF အပါအဝင် အကြမ်းဖက်အဖွဲ့အစည်းများနဲ့ ၎င်းတို့ကို ကူညီနေတဲ့ အချို့သော EAO များရဲ့ နိုင်ငံအပေါ် ပျက်စီးရာပျက်စီးကြောင်း ကြံစည်လုပ်ဆောင်မှုများသာဖြစ်တယ်။ အကြမ်းဖက်သမား များရဲ့ အဖျက်အမှောင့်လုပ်ရပ်တွေကြောင့် ပျက်စီးဆုံးရှုံးမှုများဟာ အစိုးရတစ်ရပ်အတွက် နစ်နာဆုံးရှုံးမှုမဟုတ်ဘဲ နိုင်ငံရဲ့ရှေ့ဆက်လျှောက်လှမ်းမယ့် အမျိုးသားအကျိုးစီးပွါးများ နစ်နာဆုံးရှုံးခြင်း ဖြစ်တာကို နားလည် သဘောပေါက်ဖို့ လိုအပ်မှာဖြစ်တယ်”ဟု ပြောသည်။
 
 
နိုင်ငံတစ်ဝန်းရှိ ပြည်သူများ၏ လူမှုစီးပွါးဘဝ လုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှု အပြည့်အဝရရှိရန် အလေးထား လုပ်ဆောင်သွားမှာဖြစ်ကြောင်း ၎င်းက ပြောသည်။
 
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “အဲလိုလုပ်ဆောင်ရာမှာ NUG နဲ့ အကြမ်းဖက်အဖွဲ့ အစည်း တွေ၊ ၎င်းတို့ကို ပံ့ပိုးနေတဲ့ EAO အဖွဲ့အစည်းအချို့ကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်”ဟု ပြောသည်။
 
အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော် တာဝန်းအား လွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဟု ၎င်းက ပြောသည်။