CNI News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၄

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO)များ၏ မြို့ရွာများအပေါ် တိုက်ခိုက်မှုအား တရုတ်နိုင်ငံအနေဖြင့် ဆန့်ကျင်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက ပြောသည်။

မစ္စတာဝမ်ယိသည် မြန်မာနိုင်ငံသို့ သြဂုတ် ၁၄ ရက်နေ့က ရောက်ရှိလာပြီး နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးမစ္စတာဝမ်ယိက တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲမှုကို အခိုင်အမာ ထောက်ခံပါကြောင်း၊ နစကအနေဖြင့် နိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို ချမှတ်ဆောင်ရွက်နေမှုနှင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကိုလည်း ထောက် ခံပါကြောင်း ပြောသည်။

၎င်းက “ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံအနေဖြင့် အလေးထားပူးပေါင်း ဆောင်ရွက် လျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် EAO အဖွဲ့များ၏ မြို့ရွာများအပေါ် တိုက်ခိုက်မှုဖြစ်စဉ်များနှင့် ပတ်သက်၍လည်း တရုတ်နိုင်ငံအနေဖြင့် ဆန့်ကျင်ပါတယ်”ဟု ပြောသည်။

မစ္စတာဝမ်ယိနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံ ဆွေးနွေးနေစဉ်

ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မစ္စတာဝမ်ယိတို့သည် နစက ကျင်းပမည့် ရွေးကောက်ပွဲ အခြေအ နေများ၊ နှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ၊ အွန်လိုင်းလောင်း ကစားမှုများနှင့် အွန်လိုင်းလိမ်လည်မှုများ၊ အခြားငွေကြေးလိမ်လည်မှုနှင့် တရားမဝင် လုပ်ငန်းများ ပပျောက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ မြန်မာအ မျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊ အာရက္ခတပ်တော်(AA)၊ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော်(BPLA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၊ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MDY-PDF )၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)၊ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)တို့ ပူးပေါင်း ၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်၍ မြန်မာ့တပ်မတော်ကို တိုက် ခိုက်ခဲ့သည်။

အဆိုပါ စစ်ဆင်ရေးအတွင်း ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်ကြမ်း၊ ဖောင်းဆိုင်၊ သိန္နီ၊ မုန်းကိုး၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေ့ါ တို့ကို လက်နက်ကိုင်အဖွဲ့များက ထိန်းချုပ်ခဲ့ပြီး တရုတ်၏ ကြားဝင် စေ့စပ်ညှိနှိုင်းမှုဖြင့် ဟိုင်ဂင်ဆွေးနွေးပွဲကို ကျင်းပ၍ အပစ်အခတ်ရပ်စဲခဲ့ကြသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို တိုက်ခိုက်ခဲ့တဲ့ MNDAA တပ်ဖွဲ့ကိုတွေ့ရစဉ်

ထို့နောက် TNLA၊ MNDAA၊ MDY-PDF၊ PLA၊ BPLA နှင့် ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့(LPDF)များ ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်တွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကို ဖော်ဆောင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ကျောက်မဲမြို့၊ နောင်ချိုမြို့၊ သီပေါမြို့နှင့် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၊ မိုးမိတ်မြို့၊ မတ္တရာ၊ စဉ့်ကိုင်း၊ မြင်းခြံ၊ နွားထိုးကြီး၊ သပိတ်ကျင်း စသည့် ဒေသများကို တိုက်ခိုက်ထိန်းချုပ်ခဲ့သည်။

အဆိုပါ တိုက်ပွဲများကြောင့် တရုတ်အစိုးရက ဟိုင်ဂင်ဆွေးနွေးပွဲ (၆)ကြိမ်မြောက်ကို ကျင်းပရန် စီစဉ်ခဲ့သော် လည်း နစကဘက်က မတက်ရောက်နိုင်ကြောင်း အကြောင်းပြန်ခဲ့၍ ယနေ့အထိ ဆွေးနွေးပွဲမှာ ရပ်တန့်နေ သည်။

ထိုအခြေအနေများအတွင်းမှာ ပြည်တွင်းရှိ တပ်မတော်ထောက်ခံသူများက ရှမ်းပြည်နယ်မြောက်ပိုင်းကို တိုက်ခိုက်ခဲ့သော လက်နက်ကိုင်များကို တရုတ်က ထောက်ပံ့ကူညီပေးနေသည်ဟုဆိုကာ ဆန့်ကျင်ကန့် ကွက်မှုများ ပြုလုပ်လာခဲ့သည်။

မစ္စတာဝမ်ယိနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံ ဆွေးနွေးနေစဉ်

ထို့နောက် သြဂုတ် ၈ ရက်နေ့တွင် တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး နစကဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

အလားတူ သြဂုတ် ၁၄ ရက်နေ့မှာတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ မြန်မာနိုင်ငံသို့ ရောက်လာ ပြီး နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးကာ ရွေးကောက်ပွဲကို ထောက်ခံကြောင်း၊ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး လိုအပ်သည့်အကူအညီများ ပေးအပ်မည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း ကို တိုက်ခိုက်ခဲ့သော လက်နက်ကိုင်များအား ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်။