CNI News

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၁

ထိုင်းတွင် ရွေးကောက်ပွဲကြောင့် လက်ရှိ နိုင်ငံရေးပါတီများ၏ မဲဆွယ်စည်းရုံးရေးကာလ၌ နယ်မြေအလိုက် လုံခြုံ ရေး တင်းကြပ်ထားသည့်အတွက် မြန်မာရွှေ့ပြောင်း လုပ်သားများအနေဖြင့် သတိပြု နေထိုင်ကြရန် မြန်မာ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲအား မေလ ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်သောကြောင့် ထိုကာလအတွင်း ထိုင်းသို့ ရောက်ရှိနေသည့် တရားမဝင် မြန်မာရွှေ့ပြောင်းများသာမက တရားဝင် မြန်မာများပါ သတိထား သွားလာသင့်ကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ဦးမင်းဦးက “ပြောရမယ်ဆိုရင် လုံခြုံရေးပိုင်းအရ ပြဿနာဖြစ်နိုင်တဲ့ဟာမျိုးတွေပေါ့။ ဥပမာ လက်နက်ခဲယမ်း ဒါမျိုးတွေကို စစ်ရင်းနဲ့ ကိုယ့်ဆီမှာ တရားမဝင်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ၊ ဒါမှမဟုတ်လည်း အလုပ်အကိုင် ကိုယ်လုပ်နေတဲ့ အလုပ်အကိုင်က သတ်မှတ်ထားတဲ့ အလုပ်အကိုင် ဟုတ်၊ မဟုတ်ပေါ့ အဲဒါမျိုးမှာ လုပ်နေတဲ့ လူတွေက ကြားကြောင် ပါသွားနိုင်တာပေါ့။ ဒါမျိုးတွေကတော့ ကိုယ်က သတိထားသင့်တာပေါ့နော် အဲဒီလိုကာလ မှာ။ သူတို့ရဲ့ လုံခြုံရေးကို အဓိကထားပြီး လိုက်လံစစ်ဆေးတဲ့ အချိန်မှာ ကိုယ့်လူတွေ မပါဖို့ပဲလေ။ အခုဆိုရင် ပါတီ တွေထဲမှာ Future Forward ပေါ့ ထိုင်းအရှေ့ဆောင်ပါတီပေါ့ ဒါကတော့ ပါတီသစ်တစ်ခု။ သူက လူငယ်တွေ များ တယ်။ အဲဒီလူငယ်တွေကလည်း တကယ်တော့ အရည်အချင်းရှိ၊ အလားအလာရှိတဲ့ လူငယ်တွေ။ သို့သော် အဲဒီ လူငယ်တွေမှာက ခေါင်းဆောင် ၂ ယောက်ဆိုရင် သူတို့မှာ ပြောရမယ်ဆိုရင် တော်ဝင်မိသားစုနဲ့ ပတ်သက် ပြီးတော့ ဆန့်ကျင်တဲ့ဟာမျိုးတွေ လုပ်ထားလို့ တရားစွဲဆို ခံထားရတာတွေ ရှိတယ်။ အဲဒီ ပါတီတွေနဲ့ ခေါင်း ဆောင်တွေ ဘာတွေ အဲဒီလို အသိုင်းအဝိုင်းတွေနဲ့ ဆက်ဆံတဲ့ဟာတွေ အဲဒါမျိုးတွေမှာတော့ နည်းနည်း သတိထား ရမှာပေါ့။ အခုလက်ရှိမှာကိုက စောင့်ကြည့်ခံထားရတဲ့ သဘောမှာ ရှိတယ်” ဟု ပြောသည်။

ထိုင်းရွေးကောက်ပွဲ မဲဆွယ်မှုကိုတွေ့ရစဉ်

ထို့အပြင် ထိုင်းနိုင်ငံ၏ လက်ရှိ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလများတွင် အနီနှင့် အဝါရောင် ဝတ်ဆင် ခြင်းကိုလည်း အထူးသတိထား ဆင်ခြင်သင့်ကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသူများက အကြံပြုသည်။

ထိုင်းနိုင်ငံ၏ ရွေးကောက်ပွဲသည် မိမိတို့ ရွှေ့ပြောင်းလုပ်သားများနှင့် မသက်ဆိုင်သည့်အတွက် ဝင်ရောက် ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများနှင့် ၎င်းတို့၏ နိုင်ငံရေးများတွင် ပါဝင်မပတ်သက်ကြရန် ၎င်းတို့က ပြောသည်။

ထိုင်းရှိ အလုပ်ရုံတစ်ခုမှာတွေ့ရသည့် မြန်မာအလုပ်သမား

MWRN မှ အကြံပေး ဦးအောင်ကျော်က “သူ့ ထိုင်းပြည်သူတွေ တော်တော်များများကတော့ လုံးဝ မျှော်လင့်ချက် ကြီးစွာနဲ့ မဲပေးကြမယ့် လက္ခဏာတွေ တွေ့ရတယ် ကျနော်တို့ လေ့လာကြည့်တာ။ ရွေးကောက်ပွဲကာလမှာ ကတော့ အလုပ်သမားတွေက ကိုယ်က ဧည့်သည် ဖြစ်တဲ့အတွက်ကြောင့် ဒီဟာနဲ့ပတ်သက်ပြီး သူ့ရဲ့ နိုင်ငံရေး ကိစ္စတွေမှာ ပါဝင်ပတ်သက်လို့ မရဘူး။ တစ်စုံတစ်ရာ သူတို့ပါတီချင်း အားပြိုင်လို့ ပဋိပက္ခတွေ ဟိုတစ်ချိန်တုန်း ကလည်း ဒီနိုင်ငံမှာ ပါတီချင်းအားပြိုင်ပြီး ပဋိပက္ခတွေဖြစ်ခဲ့တယ်။ လက်ရှိ အနေအထားမှာတော့ ရွှေ့ပြောင်း အလုပ်သမားတွေက ကိုယ့်ကိုယ်ကို တရားဝင်အောင် နေထိုင်၊ ပြီးရင် ကိုယ့်အလုပ်ကိုယ် ပုံမှန်လုပ်နေရင်းနဲ့ ကိုယ်ကိုယ်တိုင် ကျေနပ်တဲ့ အားရတဲ့ ဒီအဖွဲ့အစည်း ပေါ်ပေါက်လာရင် သူအာဏာရလာရင် ငါတို့ရဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ အပေါ်မှာ ပိုမို အလေးပေးပြီးမှ ဂရုစိုက်မှုရမယ် ဆိုတာကို ကိုယ့်ဘာသာ ကြိတ်ပြီး ခံစားတာ ကလွဲပြီးမှ ကိုယ်ကိုယ်တိုင် သွားရောက်ပြီးမှ ထဲထဲဝင်ဝင် နိုင်ငံရေးမှာ ဝင်ရောက်ပြသလို့တော့ မရဘူး။ အဲဒါ မျိုးကို အရမ်းရှောင်ရှားဖို့တော့ လိုပါတယ်” ဟု ပြောသည်။

ထို့အပြင် ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားများ၏ အထောက်အထား စာရွက်စာတမ်းများ သက်တမ်းတိုးခြင်း အား မေလတွင် နောက်ဆုံးထား ပြုလုပ်ရမည် ဖြစ်သည်။

ထို့ကြောင့် လက်ရှိတွင် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်း လုပ်သားများ အနေဖြင့် အမြန်ဆုံး သက်တမ်းတိုး ပြုလုပ်ကြရန်လည်း မြန်မာ ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသူများက ပြောသည်။