CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၇

လုံခြုံရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန် အိန္ဒိယနိုင်ငံ၏ ပြည်ပရေးရာဝန်ကြီး ဒေါက်တာအက်စ်ဂျိုင် ရှန်ကာနှင့် နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ ဇူလိုင် ၁၆ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မှာ တွေ့ဆုံ ဆွေးနွေးကြသည်။

ဦးသန်းဆွေသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပသည့် (၁၂)ကြိမ်မြောက် မဲခေါင်-ဂင်္ဂါ ပူးပေါင်း ဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့် အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

ထို့နောက် ဦးသန်းဆွေသည် အိန္ဒိယနိုင်ငံ၏ ပြည်ပရေးရာဝန်ကြီး ဒေါက်တာအက်စ်ဂျိုင်ရှန်ကာနှင့်လည်း ကောင်း၊ ထိုင်းနိုင်ငံ၏ ဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဒွန်ပရာမွတ်ဝီနိုင်းနှင့်လည်းကောင်း သီးသန့် စီတွေ့ဆုံ ဆွေးနွေးခဲ့သည်။

အိန္ဒိယနိုင်ငံ၏ ပြည်ပရေးရာဝန်ကြီး ဒေါက်တာအက်စ်ဂျိုင်ရှန်ကာနှင့် နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တို့သည် မြန်မာ-အိန္ဒိယအကြား ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး ပိုမိုတိုးမြှင့်ရေး၊ မြန်မာနှင့် အိန္ဒိယအကြား နှစ်နိုင်ငံ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့်လုံခြုံရေး၊ ပေါင်းစည်းချိတ်ဆက်မှုကဏ္ဍများ အပါအ ဝင် နှစ်နိုင်ငံအကြား အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ရေး၊ မဲခေါင်-ဂင်္ဂါ ပူး ပေါင်း ဆောင်ရွက်မှုနှင့် ဘင်းမ်စတက် အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူး ပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံ၏ နယ်မြေကို အသုံးချ၍ အိန္ဒိယအစိုးရကို လက်နက်ကိုင် တော်လှန်နေသည့် နာဂ၊ ကသည်း၊ ကူကီး(ချင်း) သူပုန်များရှိနေသလို အိန္ဒိယ၏နယ်မြေအား အသုံးချကာ မြန်မာ့တပ်မတော်ကို လက်နက်ကိုင် တော်လှန်နေသော ရခိုင်နှင့်ချင်း သူပုန်များရှိသကဲ့သို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ ရှိနေသည်။

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၆ ရက်က ထိုင်းနိုင်ငံ၏ ဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဒွန်ပရာမွတ်ဝီနိုင်းနှင့် နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တွေ့ဆုံစဉ်

ထို့ကြောင့် အိန္ဒိယ- မြန်မာ နယ်စပ်တွင် တည်ငြိမ် အေးချမ်းမှု အားနည်းနေပြီး ကုန်သွယ်ရေးများ ရပ်ဆိုင်းနေ သလို အိန္ဒိယနိုင်ငံသား တစ်ချို့သတ်ဖြတ်ခံရမှုများလည်း ရှိနေသည်။

အလားတူ မြန်မာနယ်စပ် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်အတွင်းမှာ ကသည်းလူမျိုးများနှင့် ကူကီးလူမျိုးများ ကြား လူမျိုးရေးပဋိပက္ခဖြစ်ပွားကာ နယ်မြေတည်ငြိမ်မှုမရှိဘဲ ဖြစ်နေသည်။

တခြားတစ်ဖက်မှာလည်း မြန်မာသည် ထိုင်းအစိုးရနှင့် မိတ်ဖက်ဆက်ဆံရေး ပိုမိုတိုးမြှင့် ခိုင်မာရေး၊ နှစ်နိုင်ငံ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ အထူးသဖြင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရေး၊ အာဆီ ယံနှင့် ကုလသမဂ္ဂတို့တွင် ပိုမို ပူးပေါင်း ဆောင်ရွက်သွားရေး စသည့် ကိစ္စရပ်များကို ဇူလိုင် ၁၆ ရက်က ဆွေး နွေးခဲ့ကြသည်။

မြန်မာ-ထိုင်းနယ်စပ်တွင် မြန်မာ့တပ်မတော် ဖြုတ်ချရေး လက်နက်ကိုင် တော်လှန်တိုက်ခိုက်နေသည့် အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)တို့ နေထိုင် လှုပ်ရှားလျက်ရှိသည်။