CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၇

ပြည်တွင်း မတည်ငြိမ်မှုများကြောင့် စီးပွားရေးနှင့် အလုပ်အကိုင်မကောင်းသဖြင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာပြီး နေထိုင်အလုပ်လုပ်ကိုင်ကြရာတွင် အချို့နိုင်ငံများ၌ မြန်မာနိုင်ငံသားများသည် လုပ်ငန်းခွင်နှင့် လူမှုအသိုင်းအဝိုင်း တို့၌ ဖိနှိပ်ခံရမှုများရှိကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံက သိရသည်။

 ၂၀၂၁ ခုနှစ် နောက်ပိုင်း ထိုင်းနိုင်ငံသို့ သွားရောက်ကြသည့် မြန်မာနိုင်ငံသားဦးရေ အများပြားရှိပြီး ထိုထဲတွင် တရားဝင်သာမက တရားမဝင် အများအပြားလည်းပါဝင်ကာ ပြည်တွင်းမတည်ငြိမ်မှု၏ အကျိုးဆက်အဖြစ် ထိုင်း အာဏာပိုင်များသည် မြန်မာနိုင်ငံသားများအား အဓိကထား ဖမ်းဆီး စစ်ဆေး၍ ငွေညှစ်ခြင်းအပြင် အလုပ်ရှင် သူဋ္ဌေးများထံတွင်လည်း ခေါင်းပုံဖြတ်ခံရခြင်းတို့ ပိုမိုအဖြစ်များလာကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် လက်ရှိ၌ အစိုးရအဖွဲ့အစည်း နှစ်ခု ကွဲပြားနေသည့်အတွက် ထိုင်းရောက်ရွှေ့ပြောင်း လုပ်သားများအနေဖြင့် တစ်စုံတစ်ရာ ဒုက္ခ၊ အခက်အခဲကြုံတွေ့ကြပါက အလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသည့် အဖွဲ့အစည်းများထံသို့သာ လာရောက်အကူအညီတောင်းခံကြရကြောင်းလည်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒီတော့ ထိုင်းနိုင်ငံထဲမှာ နောက်ပြီးတော့ ပတ်စပို့တွေပေါ့ နိုင်ငံကူးလက်မှတ်တွေကို သိမ်းဆည်းထား တာတွေ၊ ယာယီအလုပ်သမားလက်မှတ်လို့ခေါ်တဲ့ ဘတ်ပန်းရောင်ကဒ်တွေ သိမ်းဆည်းထားတာတွေ၊ မြန်မာနိုင်ငံ သား မှတ်ပုံတင်တွေကို သိမ်းဆည်းထားတဲ့ ဒီအလုပ်ရှင်တွေ။ ဒီနေရာမှာလည်း သံရုံးတွေက ထိထိရောက်ရောက် အကူအညီမပေးနိုင်ဘူး။ လက်ရှိအခြေအနေမှာတော့ မြန်မာပြည်သားတွေရဲ့ ဒုက္ခရောက်လာရင် ထိုင်းမှာကြတော့ ကျနော်တို့လို့ အဖွဲ့အစည်းတွေပေါ့ အများကြီးရှိတယ်။ တတ်နိုင်တဲ့ဘက်က သူတို့တွေ ကူညီကြတာတွေ တွေ့ရ တယ်။ သက်ဆိုင်ရာနိုင်ငံမှာ တစ်စုံတစ်ရာ ကိုယ့်နိုင်ငံသား ပြဿနာ ဖြစ်လာရင် အဓိကတာဝန်ရှိတာကတော့ သံရုံးပဲ။ သံရုံးက ခုန က ပြောသလို အားနည်းချက်တွေ အများကြီးရှိတယ်။ သူတို့ရဲ့ ကူညီပံ့ပိုးမှုတွေက ဘယ်တုန်းကမှ မရှိခဲ့တာဖြစ်တဲ့ အတွက် ထိုင်းနိုင်ငံထဲက အာဏာရှင်တွေဟာ အကြောင်းပြချက်အမျိုးမျိုးပေါ့ ဥပမာ အထောက်အထား မပြည့်စုံ တာ၊ သက်တမ်းကျော်လွန်နေတာ၊ သူ့အစိုးရက အမှန်တကယ် ခွင့်ပြုတယ်ဆိုရင်တောင်မှ သက်တမ်းကုန်နေတဲ့ အထောက်အထားတွေ သက်တမ်းတိုးရန်အတွက် ခွင့်ပြုထားပါလျက်နဲ့လည်း အဖမ်းခံရတဲ့ မြန်မာတွေ အများ ကြီးရှိတယ်။ အဲဒီနေရာမှာ ငွေညှစ်ခံရတယ်။ ပြီးရင် ခြိမ်းခြောက်ခံရတယ်” ဟု ပြောသည်။

ထိုင်းအာဏာပိုင်များက မြန်မာရွှေ့ပြောင်းများကို ဖမ်းဆီးခဲ့စဉ်

ထိုင်းနိုင်ငံပြီးပါက မြန်မာအများဆုံးရှိသော ဒုတိယနိုင်ငံတစ်ခုဖြစ်သည့် မလေးရှားနိုင်ငံတွင်မူ လုပ်ငန်းခွင်၌ စည်း ကမ်း ချိုးဖောက်ခံရမှုနှင့် လူမှုအသိုင်းအဝိုင်းမှ ဖိနှိပ်မှုများ မရှိသော်လည်း ၂၀၂၁ ခုနှစ်နောက်ပိုင်း တရားမဝင် ခိုးဝင်လာသူ မြန်မာဦးရေ အင်မတန်များပြားလာသဖြင့် စစ်ဆေး၊ ဖမ်းဆီးမှုများ ပိုမို တင်းကြပ်လာကြောင်း မလေးရှားတွင် မြန်မာများအား အကူအညီပေးနေသူများထံက သိရသည်။

အခြားနိုင်ငံများမှ မလေးရှားသို့ တရားမဝင် ဝင်ရောက်ခြင်းများရှိသော်လည်း မြန်မာနိုင်ငံသားများမှာ ပို၍များပြား ကာ အလုပ်လက်မဲ့နှုန်းထားမှာလည်း များပြားလာကြောင်း၊ မလေးရှား လေဆိပ်တွင်လည်း အလည်ဗီဇာဖြင့် လာရောက်သည့် မြန်မာနိုင်ငံသားများအား အခြားနိုင်ငံသားများထက် ပိုမို စစ်ဆေးကြောင်း မလေးရှားတွင် မြန်မာ များအား အကူအညီပေးနေသူ မွှားမိုက်ကယ်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒါပေမယ့် အခုအဓိက ဖြစ်နေတာက အဲဒါမဟုတ်ဘူး။ အောက်လမ်းက ဝင်လာတဲ့လူတွေကြောင့် ဖြစ်နေ တာ။ အောက်လမ်းက ဝင်လာတဲ့လူတွေကလည်း တစ်နေ့ကို ရာနဲ့ချီ၊ ထောင်နဲ့ချီပြီး ဝင်နေတဲ့အတွက် ဒီဘက်မှာ အလုပ်တွေ မပေးနိုင်တာ၊ ပြီးရင် သူဌေးတွေကလည်း ဒီလိုအော်ပရာစီ သတင်းတွေ လွှင့်ထားတဲ့အတွက် စာအုပ် ပါမစ် မရှိတဲ့သူတွေ၊ အောက်လမ်းကဝင်လာတဲ့ Overstay တွေကို မခိုင်းရဲတာ။ အဲဒါကြောင့် အလုပ်လက်မဲ့တွေ ဖြစ်နေတာပေါ့။ အဓိကကတော့ ကိုယ့်နိုင်ငံမှာ အလုပ်မှ မပေးနိုင်တာ။ ပြီးတော့ ငတ်ပြတ်နေကြပြီလေ။ တချို့ ဒေသတွေမှာဆိုရင် အိမ်ခြေတွေတောင် မရှိတော့ဘူး မီးရှို့ခံရတာတို့၊ မောင်းထုတ်ခံရတာတို့၊ စစ်ဖြစ်တာတို့ အဲဒါ တွေကြောင့် ကိုယ့်နိုင်ငံ ကိုယ့်ဒေသမှာ စားဖို့မရှိတော့ ရပ်တည်လို့ မရတော့လို့ တခြားနိုင်ငံကိုပဲ ရှိတာလေး ရောင်းချပြီးတော့ ထွက်လာကြတဲ့ အဖြစ်မျိုးတွေ အများစု ကြုံတွေ့နေရတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံသားများ သွားရောက် အလုပ်လုပ်ကိုင်သည့် နိုင်ငံများထဲမှ တောင်ကိုရီးယားနိုင်ငံသည် ဒီမိုကရေစီ စံနှုန်းပြည့်ဝပြီး လူသားချင်း စာနာထောက်ထားမှုများမှာ အစိုးရတွင်သာမက လုပ်ငန်းရှင်များတွင်ပါ ရှိသည့် အတွက် အခြားနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများထက် ပို၍ အဆင်ပြေကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေး အခြေအနေသည် တောင်ကိုရီးယားနိုင်ငံ၏ သမိုင်းကြောင်းနှင့် ဆင်တူသည့် အတွက် ကိုယ်ချင်းစာကာ မြန်မာနိုင်ငံသားများအပေါ် ပို၍ ကူညီကြကြောင်းလည်း တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့ရှိ အလုပ်သမား ရွှေ့ပြောင်းနေထိုင်သူများ ကူညီထောက်ပံ့ရေးစင်တာမှ တာဝန်ခံ ကိုခန့်နေကြည်က CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံများကို အလုပ်သမားညွှန်ကြားမှုဦးစီးဌာနရှေ့မှာတွေ့ရစဉ်

၎င်းက “ကိုရီးယားလို အနေအထားမျိုးကြတော့ ပတ်စပို့စ် သက်တမ်းမတိုးပေးဘူး လောလောဆယ် မတိုးပေးတဲ့ ပြဿနာတွေနဲ့လည်း ကြုံနေရတယ်။ G-1 အခြားဗီဇာပေါ့နော်။ နိုင်ငံရေးလုပ်တယ်ဆိုတဲ့ ဗီဇာမျိုးတော့ မဟုတ်ပါ ဘူး။ နိုင်ငံရေး လုပ်ပါတယ်လို့ သက်သေပြစရာလည်းမလိုဘူး ကိုရီးယားအစိုးရကို။ လောလောဆယ် ကျနော်တို့ မြန်မာပြည်ကို မပြန်နိုင်သေးပါဘူးဆိုတဲ့ အကြောင်းပြချက်မျိုးနဲ့ပဲ ပြောရင် ဗီဇာထုတ်ပေးတဲ့ အမျိုးစားပေါ့။ ဒီအမျိုးစား ယူထားတဲ့သူတွေဆိုရင် သံရုံးဘက်က ပတ်စပို့စ် သက်တမ်းမတိုးပေးဘူးပေါ့။ မတိုးပေးဘူးဆိုလည်းပဲ ကိုရီးယားအစိုးရဘက်ကတော့ သံရုံးကမတိုးပေးလည်း သူတို့ကတော့ ဗီဇာတိုးပေးပါ့မယ်ဆိုပြီး တိုးပေးနေတယ် ဆက်တိုက်။ ပတ်စပို့စ် သက်တမ်းမရှိတဲ့အတွက် လေယာဉ်ပျံတွေ စီးလို့ မရတဲ့ ပြဿနာတော့ရှိတာပေါ့။ အဲဒီလို ကြောင့် အစိုးရအချင်းချင်း ပြောသလားတော့မသိဘူး သံရုံးဘက်ကတစ်ခါ မတိုးပေးတာ မဟုတ်ပါဘူး။ တိုးပေး ပါတယ်ဆိုပြီးတော့ တိုးပေးတယ်။ တိုးပေးပေမယ့် စာအုပ်ကိုပြန်မပေးဘူး သိမ်းထားလိုက်တယ် ကြာမယ်ပေါ့။ ၆ လ တစ်နှစ်လောက် ကြာမယ်ဆိုပြီး စာအုပ်ပါ ယူထားလိုက်တာပေါ့။ ဒါကတော့ ကိုရီးယားနိုင်ငံနဲ့ တခြားနိုင်ငံ ကွာတဲ့ အနေအထားမျိုးလေးပါ” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် နောက်ပိုင်းမှ စတင်ကာ ပြည်ပနိုင်ငံများသို့ ထွက်ခွာကြသည့် လူဦးရေမှာ အင်မတန် များပြားလာပြီး တစ်ဖက်နိုင်ငံသို့ ရောက်ရှိချိန်တွင် အဆင်ပြေသူများရှိသကဲ့သို့ အဆင်မပြေဖြစ်၍ ဒုက္ခရောက် နေကြသူများလည်း ရှိသည်။

ထို့အပြင် ပြည်ပထွက်ခွာချင်သူမှာ များပြားနေသည့်အတွက် လူလိမ်ပွဲစားများမှာလည်း ယခင်ကထက် ပို၍ များပြားလာပြီး အလိမ်ခံရသည့် ဖြစ်စဉ်များမှာလည်း ဆက်တိုက်ရှိနေကြောင်း၊ မြန်မာနိုင်ငံမှ ပြည်ပထွက်ခွာမှု နှုန်းထား များပြားခြင်းနှင့်အမျှ ပြည်တွင်း၌လည်း လုပ်သားရှားပါးမှုပြဿနာအား ကြုံတွေ့ရနိုင်ကြောင်းလည်း သုံးသပ်နေကြသည်။