CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၇

ထိုင်းဝန်ကြီးချုပ်ရာထူးအတွက် ထိုင်းလွှတ်တော်အတွင်း ရွေးချယ်မှုက နွေဦးတော်လှန်ရေးအပေါ် သက်ရောက်မှု ရှိ/မရှိ နိုင်ငံရေးသမားများနှင့် တော်လှန်ရေး အင်အားစုများအကြား သုံးသပ် ဆွေးနွေးနေကြသည်။

Move Forward ပါတီခေါင်းဆောင် ပီတာလင်ဂျာရိုရတ် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရပါက မြန်မာ-ထိုင်း နယ်စပ် တစ်လျှောက်ရှိ တိုက်ပွဲရှောင်များ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပိုမိုရရှိနိုင်ကြောင်း၊ ထို့အတူ ထိုင်း နိုင်ငံအတွင်းက တော်လှန်ရေး အင်အားစုများအပေါ် ဖိအားပေးမှုလည်း လျော့နည်းသွားနိုင်ကြောင်း ကရင်နီ လူ့အခွင့်အရေးအဖွဲ့မှာ ဒါရိုက်တာ ကိုဗညားက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ထိုင်းရဲ့ သဘောသဘာဝကို ကျ‌နော်တို့က ကြည့်ဖို့တော့ လိုအပ်တာပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ ထိုင်းနိုင်ငံ က ဘာပဲပြောပြော ကြားနေမူဝါဒကို အမြဲတမ်း စွဲကိုင်ထားတဲ့ နိုင်ငံဖြစ်တယ်နော်၊ အခြားတစ်ဖက်မှာကလည်း သူ့ နိုင်ငံရဲ့ အကျိုးစီးပွားအရ မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်နိမိတ်က တော်တော်ရှည်တယ်၊ အဲဒီအတွက်ကြောင့်မို့လို ဒီအချိန်မှာ လက်ရှိအခြေအနေအထိပေါ့နော်၊ စစ်ကောင်စီကလည်း မြန်မာနိုင်ငံကို ဘယ်လိုပဲပြောပြော ဆက် လက် ပြီးတော့မှ အာဏာသိမ်း ထိန်းချုပ်ထားတဲ့ အတွက်ကြောင့်မို့လို့ စစ်ရေးအရကလည်း ထိုင်းကလည်း စစ်ကောင်စီနဲ့ ထိတွေ့မှုကိုလည်း သူက လိုချင်မှာ မဟုတ်သေးဘူးပေါ့၊ နောက်ပြီးတော့မှ တချို့ နိုင်ငံရေးအရက လည်း ဘယ်သူနိုင်မလဲ မသိတဲ့ လောင်းချေမှာ ထိုင်းဖက်ကတော့ လောင်းမှာ မဟုတ်ဘူးပေါ့၊ အဲဒီအတွက်ကြောင့် မို့လို့ ရှိနေပြီးသား စီးပွားရေး အရင်းအနှီးတွေ၊ ရှိနေပြီးသား တပ်နဲ့ရှိနေပြီးသား ဆွဲဆောင်မှုတွေကိုတော့ သူတော့ ချင့်ချိန်ပြီးတော့မှ သွားမယ့်ပုံစံမျိုး ရှိပါတယ်” ဟု ပြောသည်။

 ၂၀၂၁ ခုနှစ်က ဆန္ဒပြပွဲများ တားဆီးရန် စစ်တပ် လုံခြုံရေးချထားစဉ် (EPA)

ထိုင်းရွေးကောက်ပွဲတွင် နေရာ အများဆုံး အနိုင်ရရှိခဲ့သည့် Move Forward ပါတီသည် ပါတီခေါင်းဆောင် ပီတာကို ဝန်ကြီးချုပ်ရာထူးအတွက် အဆိုပြုခဲ့ရာ ဇူလိုင် ၁၃ ရက်နေ့တွင် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ကြသည်။

သို့သော် ပီတာသည် ထောက်ခံမဲ ၃၇၆ မဲရမှ ဝန်ကြီးချုပ်ဖြစ်မည် ဖြစ်သော်လည်း ဇူလိုင် ၁၃ ရက်နေ့က မဲပေး ရွေးချယ်မှုတွင် ထောက်ခံမဲ ၃၂၄ မဲသာ ရရှိခဲ့ခြင်းကြောင့် ဇူလိုင် ၁၉ ရက်နေ့၌ ဒုတိယအကြိမ် ဆက်လက် မဲခွဲ ဆုံးဖြတ်ကြမည်ဖြစ်သည်။

အကယ်၍ ပီတာရွေးချယ်ခံရပါက အာဆီယံနိုင်ငံတွင်းမှာလည်း အပြောင်းအလဲ ဖြစ်လာနိုင်ကြောင်း၊ ပီတာ ရွေးခံရရေးကို မိမိတို့ ဒီမိုကရက်တစ် အဖွဲ့အစည်းများ အနေဖြင့် ကြိုဆိုကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများမဟာမိတ် (UNA) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၁ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့က လှိုင်သာယာမြို့နယ်မှာ ဆန္ဒပြနေကြစဉ် (ဖရွန်းတီးယားမြန်မာ)

၎င်းက “သက်ရောက်မှုကတော့ အနည်းနဲ့ အများတော့ ရှိနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ရဲ့ အိမ်နီး ချင်း နိုင်ငံလည်း ဖြစ်တယ်၊ နွေဦးတော်လှန်ရေးမှာ အဓိက တော်လှန်ရေးမှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေရော တနည်းအားဖြင့် ပြောရရင် ဒီမိုကရက်တစ်အုပ်စု တော်တော်များများကလည်း ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် ရယ်၊ ထိုင်းနိုင်ငံထဲမှာရော ခိုလှုံနေရတဲ့ဟာမျိုးရှိတယ်လေ၊ ဆိုတော့ နောက်တစ်ခါ ပီတာ ကိုယ်၌ကလည်း ပြော ထားတာလေးတွေ ရှိတယ်ပေါ့ဗျာ၊ ဘာပဲဖြစ်ဖြစ် ပီတာအနေနဲ့ အစိုးရဖြစ်လာမယ်ဆိုရင် ဒီမိုကရက်တစ် ဘက် တော်သားတွေအတွက် သူတို့အတတ်နိုင်ဆုံး မြန်မာနိုင်ငံအတွက်လည်း သူတို့ တစ်စုံတစ်ရာတော့ ကိုယ်ကျိုး ဆောင် ပေးနိုင်တယ်ဆိုတဲ့ ဟာမျိုးလည်း စောစောပိုင်းမှာ ပြောထားတာမျိုးလေးတွေ ရှိနေတော့ သက်ရောက် တယ်လို့ ပြောရမှာပေါ့” ဟု ပြောသည်။

လက်ရှိ ထိုင်းအိမ်စောင့်အစိုးရ၏ ဝန်ကြီးချုပ် ပရာယွတ်သည် နစကနှင့် နီးစပ်မှုရှိနေခြင်းကြောင့် ဒီမိုကရက်တစ် အုပ်စုများ၊ တော်လှန်ရေးအုပ်စုများမှာ ရုန်းကန်နေရကြောင်း၊ ပီတာ ကဲ့သို့ ဒီမိုကရက်တစ် ခေါင်းဆောင် တစ်ယောက် ဝန်ကြီးချုပ်ဖြစ်လာပါက အများကြီး အကျိုးရှိလာမှာ ဖြစ်ကြောင်း ၎င်းက ပြောသည်။

မြန်မာ-ထိုင်း နယ်နိမိတ်မှာ မိုင်ပေါင်း ၁,၃၁၄ မိုင် ထိစပ်လျက်ရှိနေပြီး နယ်စပ်တစ်လျှောက် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ "ဝ"ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA/UWSP) နှင့် နွေဦးတော်လှန်ရေး အင်အားစုများလည်း လှုပ်ရှားလျက် ရှိနေသည်။