CNI International News

ဘရပ်ဆဲလ်၊ ဧပြီ ၂၁

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်သည် အာဖဂန်အရေးနှင့် ပတ်သက်၍ လာမည့်လတွင် ကာတာနိုင်ငံ၊ ဒိုဟာမြို့၌ နိုင်ငံတကာ အစည်းအဝေးတစ်ရပ် ကျင်းပသွားမည်ဖြစ်သည်။

ထို အစည်းအဝေးတွင် အာဖဂန်နိုင်ငံအတွက် ခိုင်မာသော ရှေ့ဆက်ရမည့် လမ်းစဉ်တစ်ရပ် ပေါ်ပေါက်ရေး အထူး ကိုယ်စားလှယ်များက ကြိုးစားကြမည်ဟု အတွင်းရေးမှူးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြောင်း Al Jazeera သတင်းတွင် ဖော်ပြသည်။

အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရတ်စ် (Antiono Guterres)သည် တာလီဘန်များ၏ အမျိုးသမီးများ အပေါ် ကန့်သတ်ချက်များ အပါအဝင် အကြောင်းအရာများနှင့် ပတ်သက်သည့် မျှော်လင့်ချက်များကို ရှင်းလင်းရေး အတွက် မေလ ၁ ရက်နှင့် ၂ ရက်နေ့တို့တွင် နိုင်ငံပေါင်းစုံမှ အထူးကိုယ်စားလှယ်များနှင့် တံခါးပိတ် တွေ့ဆုံမှု လုပ် ဆောင်သွားမည်ဟု ပြောခွင့်ရပုဂ္ဂိုလ် စတီဖင်နီဒူဂျာရစ် (Stephene Dujarric) က ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

ယခုကဲ့သို့သော ဆွေးနွေးပွဲများသည် အာဖဂန်မှ အခြေအနေများ ခိုင်မာစွာ ရှေ့ဆက်နိုင်ရေး နည်းလမ်းတစ်ခု အတွက် ဘုံအကြောင်းအရာများနှင့် ပတ်သက်၍ နိုင်ငံတကာ အသိုင်းအဝိုင်း၏ ထိတွေ့ဆက်ဆံမှုများ ပြန်လည် ပေါ်ပေါက်လာစေရန် ဖြစ်သည်ဟု ဒူဂျာရစ်က ပြောသည်။

ကုလ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရတ်စ်ကိုတွေ့ရစဉ်

မဟာဗျူဟာမြောက် စိတ်ရှည်သည်းခံမှုနှင့် ပေါင်းစပ်ကာ လက်တွေ့ဝါဒ၊ အခြေခံ သဘောတရားတို့ကို အခြေပြု သည့် ချဉ်းကပ်မှုတစ်ခုကို ဆောင်ရွက်ရေးနှင့် ဖန်တီးနိုင်စွမ်းရှိသော၊ ပြောင်းလွယ်ပြင်လွယ်သော၊ မူအရဖြစ်၍ အပြုသဘောဆောင်သော ထိတွေ့မှုများအတွက် ကန့်သတ်ချက် မူဘောင်များ ချမှတ်ရန် အရေးတကြီး လုပ်ဆောင်ရန် လိုအပ်နေသည်ဟု ဂူတာရတ်စ်က ယုံကြည်ထားသည်။

သို့သော် ထိုတွေ့ဆုံပွဲများသို့ တာလီဘန် ခေါင်းဆောင်ပိုင်းမှ တက်ရောက်မည်လား ဆိုသည်ကိုတော့ မသိရသေး ပေ။ ထိုသို့သော တွေ့ဆုံမှုက တာလီဘန်များကို အသိအမှတ်ပြုရေး လမ်းကြောင်းပေါ်သို့ ပြန်လည် ရောက်ရှိ စေရေးအတွက် စမ်းသပ်မှုများကို ရှာဖွေနိုင်လိမ့်မည်ဟု ကုလသမဂ္ဂအဖွဲ့၏ ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ် အာမီနာ မိုဟာမက်က တနင်္လာနေ့တွင် ပြောဆိုခဲ့ပြီးနောက် ဒူဂျာရစ်၏ ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ် သည်။
၎င်း၏ ပြောဆိုမှုက နိုင်ငံတချို့နှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများအကြား ဒေါသထွက်စေခဲ့သည်။

တာလီဘန်ခေါင်းဆောင်များကိုတွေ့ရစဉ်

တာဘီလန်များ၏ အသိအမှတ်ပြုမှု ခံရလိုခြင်းသည် တရားဝင် အစိုးရတစ်ရပ်ဖွဲ့ စည်းရန်၊ အာဖဂန်ရှိ အမျိုးသမီး အခွင့်အရေးကို လိုက်နာရေး တာလီဘန်များနှင့် ဖိအားပေး ညှိနှိုင်းရမည့် အကြောင်းအရာ တစ်ခုအဖြစ် ရှုမြင် ထားခြင်းကြောင့် ဖြစ်သည်။

အစည်းအဝေး ကျင်းပရခြင်း၏ ရည်ရွယ်ချက်များမှာ တာလီဘန်များကို အသိအမှတ်ပြုရေး ဆွေးနွေးရန်အတွက် မဟုတ်ကြောင်းနှင့် ထိုသို့ ဆွေးနွေးခြင်းကို လက်ခံနိုင်စရာမရှိကြောင်း အမေရိကန် အရာရှိတစ်ဦးက ပြောသည်။
အစည်းအဝေး ကျင်းပခြင်းသည် တာလီဘန်များကို အသိအမှတ်ပြုရေးအတွက် မဟုတ်ကြောင်း သို့သော် ယင်း သည် အထူးကိုယ်စားလှယ်များ၏ အာဖဂန်နိုင်ငံအပေါ် ရှုမြင်ပုံနှင့် ပတ်သက်သည့် အယူအဆများကို ရှာဖွေ ရန်သာ ဖြစ်ကြောင်းလည်း ရုရှား၏ ကုလသမဂ္ဂကိုယ်စားလှယ် ဗက်ဆယ်လီ နီဘန်ဇီယာကလည်း သတင်း ထောက်များကို ပြောခဲ့သည်။

Source: Aljazeera