CNI International News

ကဘူးလ်၊ မေလ ၁၇

အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်အာဏာပိုင်များက ယခင်အမေရိကန် ကျောထောက်နောက်ခံပြု အစိုးရ ဖွဲ့စည်းပေးခဲ့ သော အရေးပါသည့် အဖွဲ့ ၅ ဖွဲ့ကို ဖျက်သိမ်းခဲ့ကြောင်း ရိုက်တာ သတင်းက ရေးသားဖော်ပြထားသည်။

ထို့နောက် လူ့အခွင့်အရေးကော်မရှင် အပါအဝင် အဆိုပါအဖွဲ့များကို ငွေကြေး အကျပ်အတည်း ကြုံရချိန်၌ မလိုအပ်ဟု ယူဆ ၍ ယခုလို ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက မေလ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်သည် ယခုဘဏ္ဍာရေးနှစ်အတွင်း ဘတ်ဂျက်လိုငွေ အာဖဂန်နီ ၄၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၀၁ သန်း) နှင့် ရင်ဆိုင်နေရကြောင်း တာလီဘန်တို့က မေလ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

စစ်ဘေးဒဏ် အလူးအလဲ ခံခဲ့ရသော နိုင်ငံတစ်နိုင်ငံကို တာလီဘန်တို့က ယမန်နှစ် ဩဂုတ်လတွင် သိမ်းပိုက်လိုက်ပြီးနောက် ၎င်းတို့၏နှစ်စဉ် နိုင်ငံတော်ဘတ်ဂျက်ကို ပထမဆုံး ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

“ဒီဌာနတွေကို မလိုအပ်ဘူးလို့ ယူဆပါတယ်။ ဘတ်ဂျက်ထဲ မထည့်တဲ့ ဌာနတွေဖြစ်လို့ ဖျက်သိမ်းလိုက်ရတာပါ” ဟု တာလီဘန်အစိုးရ၏ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ အင်နာမူလာစမန်ဂနီက ရိုက်တာသတင်းဌာနသို့ ပြောသည်။

တစ်ချိန်က အရှိန်အဟုန် ကောင်းကောင်းဖြင့် လည်ပတ်ခဲ့သော အမျိုးသားလုံခြုံရေးကောင်စီ (HCNR) နှင့် အာဖဂန် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကြီးကြပ်ရေးကော်မရှင်တို့လည်း ယခုဖျက်သိမ်းသည့် စာရင်းထဲတွင် ပါဝင်သွားခဲ့သည်။

HCNR ကို အာဖဂန်သမ္မတဟောင်း အဗ္ဗဒူလာက ဦးဆောင်ခဲ့ပြီး ပြည်ပြေးသမ္မတဟောင်း အာရှရက်ဖ်ဂါနီနှင့် ထိုစဉ်က တာလီဘန် သူပုန်အဖွဲ့တို့ စေ့စပ်ညှိနှိုင်းရေးကို ယင်းကောင်စီအနေဖြင့် လုပ်ဆောင်ပေးခဲ့ဖူးသည်။

တာလီဘန်ခေါင်းဆောင်ကိုတွေ့ရစဉ်(GETTY IMAGES)

နှစ်ပေါင်း ၂၀ ကျော်ကြာမြင့်အောင် အမေရိကန်တို့ အာဖဂန်နစ္စတန်ကို ကျူးကျော် ဝင်ရောက်ခဲ့ပြီးနောက် ယမန်နှစ် ဩဂုတ်လ၌ အနောက်အုပ်စုတပ်များ ပြန်ဆုတ်ခဲ့ရာ အာဖဂန်အစိုးရတစ်ရပ် ပြိုလဲသွားခဲ့ပြီး တာလီဘန်တို့က တကျော့ပြန် အာဏာသိမ်းပိုက်ခဲ့သည်။

နိုင်ငံတော်ဘတ်ဂျက်သည် ရည်ရွယ်ချက် ခိုင်မာသော အချက်အလက်များအပေါ် အခြေခံကြောင်း၊ တက်ကြွလှုပ်ရှားမှုရှိပြီး အကျိုးဖြစ်ထွန်းသည့် ဌာနများကိုသာ ဦးတည် ချထားပေးကြောင်း အင်နာမူလာစမန်ဂနီက ပြောကြားခဲ့သည်။

အနာဂတ်ကျမှ လိုအပ်ချက် ပေါ်ပေါက်သည့်အခါ အဆိုပါအဖွဲ့များကို ပြန်လည် အသက်သွင်း နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

တာလီဘန်တို့က အာဖဂန်နစ္စတန်နိုင်ငံကို ၁၉၉၆ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ အုပ်ချုပ်ခဲ့ပြီး အမျိုးသမီးများကို ပညာရေးနှင့် အလုပ်အကိုင် တားမြစ်ခြင်း အပါအဝင် အစ္စလာမ်ဥပဒေ၏ ကြမ်းတမ်းရက်စက်သော ပုံစံအတိုင်း ကျင့်သုံးခဲ့သည်။

ယမန်နှစ် တကျော့ပြန် အာဏာရယူပြီးနောက် တာလီဘန်တို့က ယခင်ထက် ပျော့ပျောင်းစွာ အုပ်ချုပ်ပါမည်ဟု ကမ္ဘာကို အာမခံခဲ့သည်။

သို့သော် အရွယ်ကြီးရင့်လာသည့် မိန်းကလေးများ ပညာရေးကို ပြန်လည်စတင်ရန် ခွင့်ပြုသေးခြင်း မရှိဘဲ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ မျက်နှာအပြည့် ဖုံးအုပ်ဝတ်ဆင်ရန်နှင့် အများပြည်သူ သွားလာလှုပ်ရှားသည့် နေရာများသို့ ဆွေမျိုးသားချင်း လိုက်ပါစောင့်ရှောက်ကြရန် စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်ထားဆဲဖြစ်သည်။

Source: Reuters