CNI International News

ပက်ရှ်ဝါ၊ ဒီဇင်ဘာ ၆

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ စာသင်ကျောင်းတစ်ကျောင်း၏ အနီးတွင် ဒီဇင်ဘာ ၅ ရက်က လမ်းဘေး ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် ဖြတ်သွားဖြတ်လာ လူ ၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

ဗုံးပေါက်ကွဲမှုသည် အာဖဂန်နစ္စတန်နယ်စပ်အနီး ခိုင်ဘာ ပက်ထန်ခါဝါ (Khyber Pakhtunkhwa) ပြည်နယ်၏ မြို့တော် ပက်ရှ်ဝါ (Peshawar) ၏ စီးပွားရေးစင်တာတစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံပိုင် အရေးပေါ် ကယ်ဆယ်ရေးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဘိုင်လယ် အာမက် ဖိုင်ဇီ (Bilal Ahmad Faizi) က ပြောကြားခဲ့သည်။

ခိုင်ဘာ ပက်ထန်ခါဝါပြည်နယ်သည် တာရစ် အီး တာလီဘန် ပါကစ္စတန် (Tehreek-e-Taliban Pakistan) သို့မဟုတ် TTP ဟု လူသိများသည့် ပါကစ္စတန် တာလီဘန် စစ်သွေးကြွ အုပ်စု၏ အခိုင်အမာ ခြေကုပ်ယူခဲ့ဖူးသည့် နယ်မြေတစ်ခုဖြစ်သည်။

နိုင်ငံပိုင် အရေးပေါ် ကယ်ဆယ်ရေးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဘိုင်လယ် အာမက် ဖိုင်ဇီကို တွေ့ရစဉ်

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာသို့ ရောက်ရှိလာသော လုံခြုံရေးတပ်ဖွဲ့များနှင့် အရာရှိများက ဝါဆက် လမ်းမ (Warsak Road) ပေါ်ရှိ စီးပွားရေးစင်တာကို မည်သူက ဗုံးထောင် ဖောက်ခွဲခဲ့သည်ဆိုခြင်းကို စုံစမ်းစစ်ဆေးနေ ကြောင်း ဖိုင်ဇီက ပြောကြားခဲ့သည်။

ခိုင်ဘာ ပက်ထန်ခါဝါပြည်နယ်တွင် လူသေဆုံးမှုများရှိခဲ့သည့် တိုက်ခိုက်မှုများနှင့်အတူ အကြမ်းဖက်မှုများ မြင့်တက်လာခဲ့သည်။

ဇန်နဝါရီလအတွင်းကလည်း ပက်ရှ်ဝါမြို့တော်ရှိ ဗလီတစ်ခုတွင် အသေခံ ဗုံးခွဲသမားတစ်ဦး၏ တိုက်ခိုက်မှုကြောင့် လူ ၁၀၁ ဦးထက်မည်း သေဆုံးခဲ့သည်။

တာရစ် အီး တာလီဘန် ပါကစ္စတန်အဖွဲ့ကိုတွေ့ရစဉ်

ယခုတိုက်ခိုက်မှုဖြစ်စဉ်ကို မည်သည့် လက်နက်ကိုင်အဖွဲ့ကမျှ တာဝန်ခံ ထွက်ဆိုခဲ့ခြင်း မရှိသော်လည်း အများစုက ပါကစ္စတန် တာလီဘန်အဖွဲ့၏ လက်ချက်ဖြစ်နိုင်ကြောင်း ယူဆထားကြသည်။

ပါကစ္စတန် တာလီဘန်အဖွဲ့သည် အာဖဂန်တာလီဘန်အဖွဲ့နှင့် သီးခြားအဖွဲ့ဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ သြဂုတ်လက အာဖဂန်တွင် တာလီဘန်တို့ အာဏာရလာခဲ့မှုသည် ပါကစ္စတန်တာလီဘန်အဖွဲ့ကို ရဲဆေးတင်ပေးခဲ့သည့် အခြေအနေမျိုး ဖြစ်လာခဲ့သည်။

Source: အေပီ