CNI News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်းရှိ မိုင်းလုံတပ်စခန်းကို ဒီဇင်ဘာ ၅ ရက်နေ့ ည ၈ နာရီက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)မှ ယနေ့ (ဒီဇင်ဘာ ၆ ရက်)ထုတ်ပြန်ခဲ့သည်။

အဆိုပါ တပ်စခန်းအတွင်းမှ 80/60 MM လက်နက်ကြီး အပါအဝင် လက်နက် ၁၃ လက်နှင့် စစ်သုံးဆောင် ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

TNLA က သိမ်းဆည်းခဲ့တဲ့ တပ်မတော် စစ်လက်နက်ခဲယမ်းများကိုတွေ့ရစဉ်

အလားတူ နမ့်ခမ်းမြို့နယ်၊ မိုင်းဝီးတပ်စခန်းကိုလည်း ဒီဇင်ဘာ ၅ ရက်နေ့ ည ၁၂ နာရီခွဲက သိမ်းပိုက်ခဲ့သည်ဟု TNLA မှ ထုတ်ပြန်ခဲ့သည်။

ထိုမိုင်းဝီးတပ်စခန်းကနေ 60 MM လက်နက်ကြီး အပါအဝင် လက်နက် ၁၀ လက်၊ ခဲယမ်းများနှင့် စစ်သုံးဆောင် ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့် အောက်တိုဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၅ ရက်နေ့အထိ TNLA က တပ်မတော် စစ်စခန်းပေါင်း ၅၃ ခုကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။