CNI News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၄

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြန်မာ့တပ်မတော် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများပါ စစ်ရေးပြင်ဆင်မှု ပိုမိုလုပ်ဆောင်လာခြင်းကြောင့် တိုက်ပွဲပြန်လည်ဖြစ်ပွားလာမှာကို ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဒေသခံများက စိုးရိမ်နေ ကြသည်။

မိမိတို့ ရှမ်းမြောက်တွင် စစ်ပွဲပြန်လည်ဖြစ်ပွားရန် အခြေအနေ ရှိနေကြောင်း၊ တိမ်းရှောင်နိုင်သည့် ဒေသခံများက တိမ်းရှောင်ကြပြီဖြစ်ကြောင်း ကျောက်မဲမြို့ ဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ခုတော့ ရှမ်းနယ်တစ်နယ်လုံးက မကောင်းဘူးဗျ၊ ကျနော်တို့ ကြားရတာပေါ့နော်၊ နိုင်ငံရေး မိုးလေဝသ၊ စစ်ရေး မိုးလေဝသ မကောင်းဘူးလို့ပဲ ပြောရမှာပေါ့။ အဓိက စစ်ရေးလမ်းကြောင်းပေါ် ရောက်နေတဲ့အခါ ဘယ်လို နေလဲဆိုတော့ စစ်ဖြစ်မှာပေါ့။ ကျနော်တို့ဖက်ခြမ်းမှာတော့ လူတွေအားလုံးကတော့ ပြေးနိုင်တဲ့လူ ပြေးပေါ့ဗျာ၊ ရှောင်နိုင်တဲ့သူရှောင်ကြပေါ့၊ မရှောင်နိုင်တဲ့သူတွေလည်း ဒီလိုပဲ ငုတ်တုတ်ကလေး နေကြရတာပေါ့။ စိုးရိမ် ထိတ်လန့် မှုရှိတာပေါ့၊ ဒီကြားထဲ ကုန်ဈေးနှုန်းကလည်း နှိပ်စက်သေးတယ်လေ” ဟု ပြောသည်။

ယခုရက်ပိုင်းအတွင်း မြန်မာ့တပ်မတော်မှ ရှမ်းပြည်နယ်မြောက်ပိုင်းသို့ အင်အားဖြည့်တင်းမှု လုပ်ဆောင်နေသလို ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ကလည်း စစ်ရေးအတွက် ပြင်ဆင်မှု လုပ်ဆောင်နေကြောင်း သိရသည်။

TNLA တပ်ဖွဲ့ကိုတွေ့ရစဉ်

TNLA ဘက်က ထိုးစစ်ဆင် တိုက်ခိုက်လာပါက ကိုးကန့်တပ် (MNDAA) က ၎င်းတို့နှင့်အတူ ပါလာနိုင်ကြောင်း၊ လက်ရှိ အနေအထားအရ မြန်မာ့တပ်မတော်က ခံစစ်အခြေအနေဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒီနေရာမှာ ပြောချင်တာကတော့ တပ်ရဲ့ လှုပ်ရှားမှုကတော့ Defensive Action ပဲရှိတယ်။ ခုခံကာကွယ်ဖို့ ပြင်ဆင်တာပဲ ရှိမယ်။ Offensive Action ပေါ့နော်၊ ထိုးစစ်အတွက် ပြင်ဆင်တာကတော့ ကြားရပြီး မြင်တော့ မမြင်ရဘူးပေါ့နော်၊ သုံးသပ်ကြည့်သရွေ့တော့ တိုင်းရင်းသား အထူးသဖြင့် TNLA ပေါ့နော်၊ TNLA ဘက်က ဖြစ်နေ တယ်။ ဒါပေမဲ့ TNLA ဖြစ်လာပြီဆိုရင် မလွဲမသွေ MNDAA တို့ ဘာတို့ ပါလာနိုင်တာပေါ့ဗျာ၊ အဲဒီတော့ ပြောချင် တာတော့ ဖြစ်နိုင်တဲ့ အလားအလာရှိတယ်။ စစ်တပ်ဘက်ကတော့ သူထိုးစစ်အတွက်တော့ မဟုတ်ဘူး။ စစ်တပ်က တော့ အမှန်တိုင်းပြောရရင် ခုခံကာကွယ်ဖို့သာလျှင်ဖြစ်တယ်။ ထိုးစစ်အသွင်ဖက်ကို တိုက်ခိုက်မယ့် သူကတော့ TNLA၊ MNDAA အဓိကလို့ ကျနော်တို့ သွားတွေ့တယ်ပေါ့နော်” ဟု ပြောသည်။

လက်ရှိတွင် နိုင်ငံတစ်ဝှမ်း ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများကြောင့် ပြည်သူလူထုများကို အကူအညီ ပေးမှု နည်းပါးနေကြောင်း၊ အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်သည့် အနေအထားဖြစ်နေကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့ဒေသခံတစ်ဦးက ပြောသည်။

MNDAA တပ်ဖွဲ့ကိုတွေ့ရစဉ်

၎င်းက “တောင်မင်း၊ မြောက်မင်း မကယ်နိုင်သလိုပေါ့ဗျာ၊ သူတို့ ဒုက္ခဖြစ်နေရင်လည်း အချင်းချင်းတောင် မကယ် နိုင်ဘူးဗျ၊ ခက်နေတာပေါ့။ ကျနော်ဆိုလို့ရှိရင်လည်း ကျနော်တို့ဖက်မှာ စစ်ဖြစ်ပြီး‌တော့ ပြေးတဲ့ စစ်ရှောင်တွေ ရာထောင်ချီ ဆင်းလာတဲ့အချိန် ကျနော်တို့က သွားဆွဲထုတ်တယ်ဗျ၊ စစ်ဘေးဒုက္ခသည်တွေကို ကျနော်တို့က သွားဆွဲထုတ် ကူညီစောင့်ရှောက်ကျွေးမွေး အများကြီးလုပ်ပေးခဲ့တယ်။ အခုကျနော်တို့ မြို့ပေါ် ဧရိယာတွေ တစ်နိုင်ငံလုံးပါပဲ နေရာအနှံ ဒီလို မတည်မငြိမ် ဖြစ်လာတဲ့အခါကြတော့ ကိုယ့်ကြတော့ ပြေးစရာ မြေမရှိဘူးလေ။ တောရွာက လူတွေ မြို့ကိုပြေးလာတယ်ဆိုတာ သူတို့မှာ အားကိုးရာရှိသေးတယ်။ ကယ်တင်စောင့်ရှောက်မယ့်သူ ရှိခဲ့သေးတယ်။ ကယ်တင်စောင့်ရှောက်ခြင်း ခံရတယ်။ ခုကျနော်တို့က ဘယ်ပြေးမှာတုန်း ကျနော်တို့ကို ဘယ်သူ လာကယ်မှာတုန်း၊ အဲဒီလိုတွေ ဖြစ်နေတာလေ၊ တစ်နိုင်ငံလုံးမှာ စစ်ရှောင်ရမယ့် နေရာဆိုတာ လုံခြုံမှု မရှိဘူးပေါ့။ ကိုယ့်ဒေသမှာ ကိုယ်နေရာ လုံခြုံသေးတယ်လို့ ပြောရမယ်ဆိုရင်လည်း နေ့နေ့ညည ဘယ်နေ့လဲ၊ ဘယ်အချိန်လဲ ထပေါက်ကွဲနိုင်တော့ ခက်တယ်လေ” ဟု ပြောသည်။ 

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့သော ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်အများအပြားကို TNLA နှင့် MNDAA တို့က သိမ်းပိုက်ရရှိခဲ့သည်။

ထို့နောက် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုအရ ဟိုင်ဂင်သဘောတူညီချက်ရရှိကာ ရှမ်းမြောက်မှာ အပစ်အခတ် ရပ်စဲခဲ့ပြီး လက်ရှိတွင် နှစ်ဖက်စစ်ရေး တင်းမာလာခဲ့သည်။

လက်ရှိတွင် TNLA က လားရှိုးစစ်ဌာနချုပ်အနီးသို့ အင်အား အလုံးအရင်းဖြင့် ချဉ်းကပ်၍ စစ်ရေးပြင်ဆင်နေသလို မြန်မာ့တပ်မတော်ကလည်း မန္တလေး-နမ္မတူသွား ကာလမ်းကို မြေတူး၍ ဖြတ်တောက်ထားကြောင်း သိရသည်။