CNI News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၄

ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ ချီဖွေမြို့နယ်၊ ကံပိုက်တည်ဒေသတွင် တာဝန်ထမ်းဆောင်နေသည့် နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်များသည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် KPDF တို့ကို တိုက်ခိုက် ချေမှုန်းရန် ဦးဇခုန်တိန့်ယိန်းက ၂၀၂၄ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့စွဲဖြင့် စာတစ်စောင့် ထုတ်ပြန်၍ အမိန့်ပေးခဲ့သည်။

နယ်ခြားစောင့်တပ်ဖွဲ့ ၁၀၀၁၊ ၁၀၀၂၊ ၁၀၀၃ တပ်ဖွဲ့မှူးများနှင့် ဒေသလက်နက်ကိုင် ပြည်သူ့စစ်ရဲဘော်များအား မိမိတို့ ဒေသကို တိုက်ခိုက်သတ်ဖြတ် ဖျက်ဆီးရန် ဝင်ရောက်တိုက်ခိုက်လာသည့် KIA နှင့် PDF ပူးပေါင်းအဖွဲ့ များအား ယတိပြတ် ခုခံချေမှုန်းရန် “စစ်မိန့်”ပေးအပ်လိုက်သည်ဟု ကချင်ပြည်နယ်အထူးဒေသ(၁)ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းက ထုတ်ပြန်ခဲ့သည်။

ဦးဇခုန်တိန့်ယိန်းက “ ငြိမ်းချမ်းရေးကို ဖျက်ဆီးရန်၊ နိုင်ငံတော်ကို ဖျက်ဆီးရန်၊ တိုင်းရင်းသားလူမျိုး ပြည်သူများ ၏ဘဝ သာယာအေးချမ်းမှုကို ဖျက်ဆီးရန် KIA နှင့် PDF ကျူးကျော်လာပြီဖြစ်သဖြင့် ကျနော်တို့ ဆော့လော်မြို့ နယ်၊ ချီဖွေမြို့နယ်၊ ကံပိုက်တည်ဒေသတွင် တာဝန်ထမ်းဆောင်နေသည့် နယ်ခြားစောင့်တပ်(နခစ)၊ ပြည်သူ့စစ် (ပသစ)များသည် မြေတစ်လက်မတိုင်းကို ကာကွယ်သည့် ခုခံစစ်ဆင် တိုက်ခိုက်ချေမှုန်းကြရန် အမိန့်ပေး သည်”ဟု ပြောသည်။

ထို့နောက် မိမိတို့ ဒေသကို ဝင်ရောက်လာသည့် ရန်သူမှန်သမျှကို တားဆီးချေမှုန်းကြရမည်၊ အိမ်အတွင်း ဝင်ရောက်လာသော ရန်သူများ ပြန်မထွက်သွားရန် တိုက်ခိုက်ချေမှုန်းကြပါ၊ ရှေ့-နောက် ပိတ်ပြီး တိုက်ခိုက် ချေမှုန်းကြပါ၊ ပြန်လည်ထွက်သွားခွင့်မပေးကြပါနှင့်ဟု ၎င်း၏ စစ်မိန့်ပေးခြင်း စာတွင် ဖော်ပြထားသည်။

လက်ရှိတွင် KIA နှင့် KPDF ပူးပေါင်း၍ ဦးစခုန်တိန့်ယိန်း၏ နယ်မြေများကို ဝင်ရောက်တိုက်ခိုက်လျက်ရှိပြီး ကံပိုက်တည် နယ်စပ်ကုန်သွယ်ရေးကို ထိန်းချုပ်ရန် ကြိုးပမ်းလျက်ရှိနေသည်။

ထို့နောက် ဦးစခုန်တိန့်ယိန်း လက်အောက်ရှိ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်များသည် KIA-KPDF တို့ကို ခုခံ တိုက်ခိုက်လျက်ရှိသည်။

ဦးစခုန်တိန့်ယိန်းသည် ၁၉၈၉ ခုနှစ်က ဗမာပြည်ကွန်မြူနစ်ပါတီ ခွဲထွက်၍ တပ်မတော်နှင့်ငြိမ်းချမ်းရေး ရယူကာ ကချင်ဒီမိုကရေစီသစ်တပ်မတော်(NDA-K)ဟုဆိုကာ လှုပ်ရှားခဲ့ပြီးနောက် ၂၀၀၉ ခုနှစ်တွင် နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲခဲ့သည်။

အလားတူ ဦးစခုန်တိန့်ယိန်း ထိန်းချုပ်ထားသည့် ဆော့လော်မြို့နယ်၊ ကံပိုက်တည် (ကန်ပိုက်တည်)မြို့နယ်၊ ပန်ဝါမြို့နယ်၊ ဆဒုံးမြို့နယ်တို့ကို ကချင်ပြည်နယ်အထူးဒေသ(၁)အဖြစ် တပ်မတော်က ၁၉၈၉ ခုနှစ်က သတ်မှတ်ပေးထားသည်။