CNI International News

ဘန်ကောက်၊ မေလ ၁၆

အသက် ၉၀ ပြည့်မွေးနေ့ပွဲ မေလ ၁၅ ရက်၌ ကျင်းပခဲ့သည့် ထိုင်းဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ချာဗလစ် ယောင်ချိုင်ယွတ်က နိုင်ငံရေးပါတီ အသစ်တစ်ခု တည်ထောင် သွားမည်ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းတွင် တွေ့ရသည်။

မိမိသည် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်နေဆဲ ဖြစ်ကြောင်း၊ ပါတီ ၇ ခုတို့ထံမှ အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်ရန် ကမ်းလှမ်းချက်ကို လက်ခံခဲ့ကြောင်း၊ မိမိ၏နိုင်ငံရေးကဏ္ဍသစ် ဖွင့်လှစ်ရန် အချိန်တန်ပြီဖြစ်ကြောင်း ချာဗလစ်က ပြောကြားခဲ့သည်။

၎င်းသည် လက်ရှိဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ဆိုင်းယမ်း လူမှုတိုးတက်ရေး ဖောင်ဒေးရှင်းကို ဆိုင်းယမ်းလူမှု တိုးတက် ရေးပါတီ အဖြစ်သို့ အမည်ပြောင်းလဲခဲ့သည်။

သို့သော် ဗိုလ်ချုပ်ကြီးချာဗလစ်က ၎င်းအနေဖြင့် ဝန်ကြီးချုပ်ရာထူးအတွက် ဝင်ရောက် အရွေးချယ်ခံမည် မဟုတ်သလို ပါတီ ခေါင်းဆောင် တာဝန်လည်း ယူမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ ၎င်း၏ကိုယ်စား ပါတီနှင့် ထိုင်းပြည်သူများအတွက် အလားအလာရှိသော ကိုယ်စားလှယ်လောင်းတစ်ဦးကို ရှာဖွေမည်ဟု သိရသည်။

လက်ရှိ ဝန်ကြီးချုပ် ပရာယွက်ချန်အိုချာ၏ စီမံခန့်ခွဲမှုများအပေါ် သဘောထား မှတ်ချက်ပေးရန် ချာဗလစ်က ငြင်းဆန်ခဲ့ သော်လည်း “တိုင်းပြည်အတွက် စိတ်ပူမိတယ်။ ဒါက ကျနော် ဘယ်လိုလုပ်ပေးလို့ရမလဲ။ တိုင်းပြည်က ဒုက္ခရောက်ပြီး ပြည်သူတွေ အကြွေးနဲ့ ကျန်ခဲ့ကြတယ်” ဟု ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံရေးနဲ့ထိုင်းပြည်သူများ

နိုင်ငံရေး မတည်ငြိမ်မှုနှင့်ပတ်သက်၍ အာဏာသိမ်းနိုင်သည့် အလားအလာကို ထပ်မံမေးမြန်းရာ ချာဗလစ်က “စစ်တပ် ဝင်ရောက် စွက်ဖက်မည်ကို စိုးရိမ်ခြင်း မရှိကြောင်း၊ ပြည်သူများအတွက် အကျိုးရှိမည်ဆိုလျှင် ထောက်ခံနိုင်ကြောင်း” ဖြေကြားခဲ့သည်။

ယင်းကဲ့သို့ အာဏာသိမ်းမည်ဟု ထင်ကြေး ပေးနေမှုများကို ထိုင်းစစ်တပ်၏ အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီး နရောင်ပန် ဂျစ်ကော်တေးက မကြာသေးမီက ပယ်ချခဲ့သည်။

Big Jiew ဟုလည်း အများက ခေါ်ကြသည့် ဗိုလ်ချုပ်ကြီး ချာဗလစ်သည် ၁၉၉၀ ပြည့်နှစ်တွင် စစ်တပ်အကြီးအကဲနှင့် စစ်ဦးစီးချုပ်အဖြစ်မှ နုတ်ထွက်ခဲ့ပြီး ၎င်း၏နိုင်ငံရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် NAP ပါတီ (New Aspiration Party) ကို တည်ထောင်ခဲ့သည်။ NAP ပါတီသည် ယခုအခါ ပါတီတစ်ရပ် အနေဖြင့် မရှိတော့ပေ။

၎င်းသည် ၁၉၉၂ ခုနှစ်၊ မေလတွင် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဆူမင်ဒါ ကရာပရာယွန်းကို ဆန့်ကျင်သည့် လူထုအုံကြွမှု၌ ပါဝင်ခဲ့သော ထင်ရှားသည့် ထိုင်းနိုင်ငံရေးသမားများထဲတွင် ပါဝင်ခဲ့သည်။ NAP သည် ၁၉၉၆ ခုနှစ် ရွေး ကောက်ပွဲတွင် အနိုင်ရခဲ့ပြီး ထိုင်းနိုင်ငံ၏ ၂၂ ယောက်မြောက် ၀န်ကြီးချုပ် ဖြစ်လာခဲ့သည်။

ဗိုလ်ချုပ်ကြီး ချာဗလစ်သည် မြန်မာ့အာဏာသိမ်း ခေါင်းဆောင်ဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီးစောမောင်နှင့်လည်း ရင်းနှီးသော ဆက်ဆံရေး တစ်ရပ်ခဲ့သူ ဖြစ်သည်။

Source: Bangkok Post