CNI News

၂၀၂၂ ခုနှစ်၊ မေ ၁၆

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ပြန်လည် မဖြစ်ပွားလာစေရန် နှစ်ဖက် အဖွဲ့အစည်းများ အနေဖြင့် ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်သင့်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း စာရေးဆရာ ဝေဟင်အောင်က CNI သတင်းဌာနသို့ ပြောသည်။

ရက္ခိုင့်တပ်တော် (AA) မှ ရခိုင်ပြည်နယ်တွင် နှစ်ဖက်တိုက်ပွဲများ အချိန်မရွေး ပြန်လည် ဖြစ်ပွားလာနိုင်ကြောင်း မေလ ၁၅ ရက်က ထုတ်ပြန်ခဲ့သည်။

စာရေးဆရာ ဝေဟင်အောင်က “အဓိကတော့ ကျနော်တို့မြင်တာ ညှိညှိနှိုင်းနှိုင်း ဖြစ်စေချင်တယ်။ AA ဖက်က လိုလားချက်ကို သူတို့ တင်ပြရင်လည်း ဟိုဖက်က နစကဖက်က သူတို့လိုအပ်ချက်ကို တင်ပြသင့်တယ်။ အဲဒီတင်ပြချက် အပေါ်မှာ ညှိနှိုင်းကြ ပေါ့။ ညှိညှိနှိုင်းနှိုင်းနဲ့ပေါ့ ဖြစ်စေချင်တယ်။ ဖြစ်စေချင်တာကတော့ ဘာဖြစ်လို့လဲဆိုရင် ဒီဖက်မှာက ဒုက္ခသည်တွေကလည်း စစ်ဘေးရှောင်တွေကလည်း အများကြီး ကျန်နေသေးတယ်။ လူပေါင်း ၉၀၀၀၀ လောက်တောင်မှာ အိမ်မပြန်နိုင်သေးဘူးပေ့ါ။ အဲဒီလူတွေကိုလည်း မိုးမကျမီ ပြန်စေချင်တဲ့ ဆန္ဒရှိတယ်၊ အဲဒီအပေါ်မှာ ဆက်ပြီးတော့ စစ်ဖြစ်လာမယ်ဆိုရင်တော့ ဒီထက် ဆိုးဆိုးရွားရွား ဖြစ်သွားမှာ ဆိုရင်တော့ မကောင်းဘူးပေါ့။ ဒါကြောင့် ဆရာတို့အနေနဲ့ ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်စေချင်တဲ့ ဆန္ဒရှိတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်တွင် စစ်အင်အားများ တိုးချဲ့နေခြင်း၊ AA ၏ တရားစီရင်ရေး၊ အခွန်ကောက်ခံရေး၊ အုပ်ချုပ်ရေးများကို အနှောင့်အယှက်ပေးခြင်း၊ ၎င်းကဏ္ဍများတွင် တာဝန်ထမ်းဆောင် နေသူများကို ဖမ်းဆီးရန် ကြိုးစားခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရခိုင် - မွတ်ဆလင်အကြား သဟဇာတ ဖြစ်နေမှုများကို ပျက်စီးရန် ကြိုးစားခြင်းများကို တပ်မတော်မှ လုပ် ဆောင်လျက်ရှိကြောင်း AA က ထုတ်ပြန်ချက်တွင် ပြောထားသည်။

မြန်မာ့တပ်မတော် အရာရှိများ

လက်ရှိ ပြည်တွင်းတွင် ဖြစ်ပွားနေသည့် ပဋိပက္ခအရ တပ်မတော်အနေဖြင့် နောက်ထပ် စစ်မျက်နှာ တစ်ခု ထပ်ဖွင့်မည် ဆိုပါ က စွန့်စားရမည့် အခြေအနေတွင် ရှိနေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ စိုင်းထွန်းအောင်လွင်က CNI သတင်းဌာနသို့ ပြောသည်။

စိုင်းထွန်းအောင်လွင်က “ကျနော့်အနေနဲ့ ယေဘူယျပြောရရင်တော့ ဖြစ်မဖြစ် ဆိုတာထက်လေ၊ လုံခြုံရေး ရှု့ထောင့်အရတို့လေ၊ ဗျူဟာပိုင်းဆိုင်ရာ ရှု့ထောင့်အရ ပြောရရင်တော့ နောက်ထပ် Battlefield (စစ်မြေပြင်) တစ်ခု ပေါ်ရတယ်ဆိုရင်တော့ ဥပမာ တော်တော်ကြီးကို စစ်မျက်နှာပြင် ထပ်ဖွင့်ရတယ်ဆိုရင်တော့ အခုလို အခြေအနေမျိုးအတွက် SAC အတွက်ပေါ့လေ၊ နောက်ထပ် ရင်းနှီးရမယ့်၊ စွန့်စားရမယ့် ပွဲတစ်ပွဲမျိုးတောင် ဖြစ်နိုင်တာပေ့ါ။ အဲဒီဟာမျိုးကိုတော့ သူတခြား နည်းလမ်းမျိုးနဲ့ စဉ်းစားမလားတော့ မပြောတတ်ဘူးပေါ့နော်။ မှန်းဆကြည့်ရတာပေ့ါ ” ဟု ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့အ၀င်(Myint Lwin)

တပ်မတော်နှင့် AA ကြား နှစ်ဖက် စစ်ရေးတင်းမာမှု ဆက်လက် မြင့်တက်လျက်ရှိနေသည်မှာ ကာလအတန်ကြာခဲ့ပြီး ဖြစ်ကြောင်း၊ ထို့ကြောင့် နှစ်ဖက်တိုက်ပွဲများ အချိန်မရွေး ပြန်ဖြစ်လာနိုင်သည့် အနေအထားကို တွေ့ရှိနေရကြောင်း AA၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် အရပ်သားများအနေဖြင့် တပ်မတော်၏ သွားလာလှုပ်ရှားနေသည့် နေရာများ၊ အထိုင်ချ နေထိုင်နေခဲ့သော နေရာ များ၊ တပ်စခန်းအနီး ပတ်ဝန်းကျင်များသို့ သွားလာခြင်းများကို အထူးသတိထား ရှောင်ကြဉ်ကြပါရန် သတိပေးအပ်ကြောင်း AA က ထုတ်ပြန်ထားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအပြီး ULA/AA နှင့် တပ်မတော်တို့အကြား ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝတို့တွင် လက်နက်ကိုင်ပဋိပက္ခများ လုံးဝရပ်တန့်ခဲ့သည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့အကြား နားလည်မှုဖြင့် အပစ်ရပ်စဲထားသည်။