CNI News

၂၀၂၂ ခုနှစ်၊ မေ ၁၆

အမျိုးသားညီညွတ်ရေးအစိုးရ NUG က မေ ၁၅ ရက်နေ့တွင် ကျရောက်သည့်(၉)ကြိမ်မြောက် ရခိုင်အမျိုးသားနေ့ သို့ သဝဏ်လွှာပေးပို့ခဲ့ပြီး ထိုထဲတွင် ရခိုင်ပြည်သူတို့ ခံစားခဲ့ရမှုများကို ပြန်လည်ကုစား ဖြည့်ဆည်းပေးနိုင်ရန်နှင့် ရပိုင်ခွင့်များရရှိစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ပါရှိသည်။

အဆိုပါ အကြောင်းအရာနှင့်ပတ်သက်၍ နိုင်ငံရေးအကျဉ်းသားဟောင်း စာရေးဆရာ ဝေဟင်အောင်က NUG အနေ ဖြင့် ရခိုင်ပြည်သူတို့အတွက် အပြောမဟုတ်ဘဲ အလုပ်နှင့်သက်သေပြစေချင်ကြောင်း CNI သတင်းဌာနသို့ ပြော သည်။

နိုင်ငံရေးအကျဉ်းသားဟောင်း စာရေးဆရာ ဝေဟင်အောင်က“ အပြောမဖြစ်စေနဲ့ ကျနော်တို့က အလုပ်ပဲဖြစ်စေချင်တယ်။ တခါတခါမှာ အပြောကအရမ်းများပြီးတော့ အလုပ်မဖြစ်ရင်လည်း ဒါက ပြဿနာရှိတယ်ပေါ့နော်။ သူတို့အရင်တုန်းကလည်း အဲဒီလို statement တွေ ထုတ်ပေးခဲ့တယ်။
ရခိုင်တွေအပေါ်မှာ တောင်းပန်ပါတယ် ဆိုတဲ့ ထုတ်ပြန်ချက်တွေရှိခဲ့တယ်။ တောင်းလည်း တောင်းပန်ခဲ့တယ်။ တကယ်လက်တွေ့ကျလာတဲ့အချိန်မှာ အဲဒီလိုမျိုးမဟုတ်ဘူး။ သူတို့က တခြားပုံစံဘက်ကို ပြန်ပြောင်းပြောင်းသွားတတ်တယ်။ ဒါပေမယ့် အဲဒီ ထုတ်ပြန်ချက်ဟာ ထုတ်ပြန်ချက်အတိုင်းမဟုတ်ဘဲနဲ့ အကောင်ထည်‌ဖော်တဲ့အပိုင်းမှာ အသက်ဝင်ရင်တော့ ပိုလို့ကောင်းတယ်လို့ မြင်တယ်။ သူတို့လည်း ရုန်းကန်နေရဆဲ အစိုးရတစ်ရပ်လို့ မြင်တယ်ပေါ့။ သူတို့ကလည်း ရခိုင်တွေအပေါ် မှာတော့ အတိုင်းထက်အလွန်လုပ်ပေးနိုင်ဖို့ သိပ်တော့ လက်ရှိဖြစ်နိုင်ဖို့ အခြေအနေ တော်တော်လေး နည်းတယ် လို့ မြင်တယ်”ဟု ပြောသည်။

NUG အနေဖြင့် လက်ရှိတွင် ရခိုင်လူမျိုးများအပေါ် စာနာထောက်ထားခြင်း၊ လူသားချင်းစာနာမှုအရ ကူညီ ထောက်ပံ့နိုင်ခြင်းများ လုပ်ဆောင်နိုင်သည့်အတွက် အတိုင်းအတာတစ်ခုအထိ ဝင်ရောက်လုပ်ဆောင်ပေးသင့် ကြောင်း ၎င်းကပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို တွေ့ရစဉ်

ပြီးခဲ့သည့် NLD အစိုးရလက်ထက်က တပ်မတော်နှင့်ပေါင်းပြီး ရခိုင်ပြည်နယ်အပေါ် ဖိနှိပ်မှုများ ရှိခဲ့သော်လည်း ယခုကဲ့သို့ အပြုသဘောဆောင်သည့်အပေါ် လက်ခံကြိုဆိုကြောင်း မြောက်ဦးဒေသခံ ကိုဇော်ထွန်းက CNI သတင်းဌာနသို့ပြောသည်။

“ရခိုင်ပြည်ရဲ့ နှစ်ပေါင်း ၅၀၀၀ ကျော် သမိုင်းဖြတ်သန်းမှုနဲ့ ရခိုင်တွေဆုံးရှုံးသွားတဲ့ အချုပ်အခြာအာဏာအတွက် ရခိုင်တွေ ကြိုးစားနေကြတယ်။ အဲဒီလိုကြိုးစားနေကြတဲ့အခါမှာ ULA/AA စစ်ဦးစီးချုပ်ပြောတဲ့ စကားအရဆိုရင် တော့ ဝ ထက်မနီးတဲ့ confederation ပုံစံမျိုး သွားချင်တယ်လို့ political demand တစ်ခုအနေနဲ့ တောင်းထား တာရှိတယ်။ ULA/AA ရဲ့ political demand အပေါ်မှာ NUG အနေနဲ့ အသိအမှတ်ပြုတယ်ဆိုရင် ဒါကို အသိအမှတ်ပြုကြောင်းပေါ့။ ရခိုင်တွေလိုချင်တဲ့ အိပ်မက်ကိုရမယ်ဆိုရင် ရခိုင်တွေက အဆင်ပြေပါပြီလို့ ”ဟု သူက ပြောသည်။

လက်ရှိ NUG အစိုးရဦးဆောင်သည့် တော်လှန်ရေးနှင့် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ULA/AA ဦးဆောင်သည့် တော်လှန်ရေးတွင် လမ်းစဉ်အားဖြင့် မတူသော်လည်း ရန်သူတူကြောင်း ၎င်းက ဆက်ပြောသည်။

NUG မှ ပေးပို့သည့် အဆိုပါ သဝဏ်လွှာထဲတွင် လွန်ခဲ့သောနှစ်များအတွင်း ရခိုင်ပြည်အပါအဝင် နယ်နိမိတ်ချင်း ထိစပ်သည့် နယ်မြေဒေသများအတွင်း စစ်ရေး၊ နိုင်ငံရေးပဋိပက္ခများကြောင့် ပြည်သူလူထု နည်းမျိုးစုံဖြင့် ထိခိုက် နာကျင်ခဲ့ရမှုများအတွက် များစွာကိုယ်ချင်းစာနာပြီး၊ ပျက်ကွက်မှုများစွာ ဖြစ်ပေါ်ခဲ့ခြင်းအတွက် အလွန်ပင် စိတ်မကောင်း ဖြစ်ရပါကြောင်းဟူ၍ ပါရှိသည်။

ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီစနစ် လိုလားကြသူ တိုင်းရင်းသားလူမျိုးများအားလုံးသည် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ စနစ်ဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံကို အသစ်တဖန် ပြန်လည်တည်ဆောက်ရန် ကြိုးပမ်း ဆောင်ရွက် လျက် ရှိနေချိန်ဖြစ်ပြီး ထိုအချိန်တွင် ရခိုင်အမျိုးသမီး၊ အမျိုးသားများ၏ ပြည့်ဝသောပါဝင်မှုနှင့်အခန်းကဏ္ဍသည် အလွန်အရေးကြီးကြောင်း ပြောဆိုထားသည်။

ထို့ကြောင့် ရခိုင်ပြည်သူလူထု၏ ထိခိုက်နာကျင် ခံစားခဲ့ရမှုများအတွက် တရားမျှတမှုရှိစွာ ပြန်လည်ကုစား ဖြည့်ဆည်းပေးနိုင်ရန်နှင့် မိမိတို့၏ရပိုင်ခွင့်များရရှိစေရန် သက်ဆိုင်သူ အဖွဲ့အစည်းအားလုံးနှင့် အတူတကွ ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။