CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၇

ပြည်သူလူထုအတွက် တရားဥပဒေနှင့်အညီ ဝန်ဆောင်မှုပေးသည့် ရဲတပ်ဖွဲ့ဖြစ်စေရန် ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေနှင့်အညီ ပြည်သူ့ရဲတပ်ဖွဲ့အား ဖွဲ့စည်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ (ဇွန်လ ၇ ရက်) ထုတ်ပြန် ကြေညာခဲ့သည်။

အဆိုပါ ဖွဲ့စည်းမှုကို NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

NUG ထုတ်ပြန်ချက်

NUG သည် နစက၏ ပြည်သူလူထုအပေါ် ကျူးလွန်သည့် အကြမ်းရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများ၊ လူ့ အခွင့်အရေး ချိုးဖောက်မှုများနှင့်ပတ်သက်၍ တာဝန်ရှိသူများအား တရားဥပဒေနှင့်အညီ အရေးယူ အပြစ်ပေးနိုင်ရန် ကြားကာလ တရား ဥပဒေ စိုးမိုးရေးကို ဖော်ဆောင်နိုင်ရန်၊ ဒုစရိုက်မှုများနှင့် တရားဥပဒေမဲ့ ပြုကျင့်သူများအား ပြည်သူလူထုနှင့်ပူးပေါင်း၍ တား ဆီးရန် ပြည်သူ့ရဲတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို ပြည်သူ့ရဲတပ်ဖွဲ့ကို ရဲအင်အား မည်မျှဖြင့် ဖွဲ့စည်းကြောင်းနှင့် NUG တွင် ရဲတပ်ဖွဲ့ဝင် အင်အား မည်မျှ ရှိကြောင်းကို ထုတ်ပြန်ချက်မှာ ဖော်ပြမထားပေ။

သို့သော် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) လုပ်ကာ NUG နှင့် ပူးပေါင်းနေသော CDM ရဲတပ်ဖွဲ့ဝင် ၂၉၀၀ ကျော် ရှိကြောင်း သိရသည်။