CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၇

ကုလသမဂ္ဂမှာ အမြဲတမ်း ကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက် ထားရှိသည့်အတွက် သံတမန် ရေးရာတွင် အောင်မြင်မှုဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။

ဦးကျော်မိုးထွန်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ခန့်အပ်သည့် ဝန်ကြီးဖြစ်သည့်အတွက် သက်ရောက်မှု ရှိလာမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဦးကြီးမြင့်က “ဒါကတော့ သံတမန်ရေးအရ အောင်မြင်မှုပေါ့၊ အာဖကန်နစ္စတန်ရယ်၊ ဗမာရယ်ကို ဆက်ထားတယ်၊ သံတမန်ရေးရာ အောင်မြင်မှုလို့ သုံးသပ်လို့ရတယ်၊ ကုလသမဂ္ဂမှာ ဘာဖြစ်ဖြစ် ဗမာရဲ့ အသံကို ပြောခွင့်တော့ ရှိနေသေးတာပဲ၊ အဲဒီသဘောရှိပါတယ်။ ဒါ NUG ရဲ့ ဝန်ကြီးပဲ၊ ဒါ NUG က ခန့်တဲ့ ဝန်ကြီးလေ၊ သက်ရောက်မှု ရှိတာပေါ့၊ NUG က ခန့်တဲ့ သံအမတ်ကြီးပဲ၊ သက်ရောက်မှု ရှိတာပေါ့နော်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ဦးကျော်မိုးထွန်းကို ကုလကိုယ်စားလှယ်အဖြစ် လက်ခံပေးရန်တောင်းဆိုနေကြစဉ် (Kyaw Soe Latt)

ဦးကျော်မိုးထွန်းအား ဒီဇင်ဘာ ၁၇ ရက်နေ့ (၇၇)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ကုလမှာ သံအမတ်အဖြစ် အတည်ပြုလိုက်ခြင်းဖြစ်ပြီး လာမည့် ၂၀၂၃ နှစ် ကုလသမဂ္ဂ အထွေထွညီလာခံ ကျင်းပမည့် စက်တင်ဘာလအထိ ဆက်လက် တာဝန်ယူရမှာ ဖြစ်ကြောင်း သိရသည်။

ကုလသမဂ္ဂ အထွေထွေညီလာခံ၏ စည်းမျဉ်း ၂၉ အရ လက်ရှိ ရှိနေသည့်သူကို ဆက်လက် ထားရှိသည့်သဘော သက်ရောက်ကြောင်း သို့သော်လည်း ဘယ်အဖွဲ့ကိုမှ အသိအမှတ်ပြုသည့် သဘောမဟုတ်ဟု သိရကြောင်း နစက ၏ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက VOA သတင်းဌာနသို့ ပြောကြားထားသည်။

ဦးကျော်မိုးထွန်း အနေဖြင့် မြန်မာနိုင်ငံကို ကိုယ်စား ပြု/မပြုဆိုသည်မှာ အမျိုးမျိုး ဖြစ်နေကြောင်း၊ မည်ကဲ့သို့ အပြောင်းအလဲ ဖြစ်လာမလဲဆိုသည်ကို စောင့်ကြည့်ရုံသာရှိကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ ဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်းဌာနသို့ ပြောသည်။

ဒီမိုကရေစီအရေး တောင်းဆိုနေကြစဉ် (GETTY IMAGES)

၎င်းက “ဦးကျော်မိုးထွန်းကလည်း လွန်ခဲ့တဲ့ နှစ်ကလည်း အဲဒီလို တာဝန်ယူထားခဲ့တာတော့ ကျနော်တို့ တွေ့ တယ်၊ အဲဒါက နိုင်ငံကို ကိုယ်စားပြုသလား၊ မပြုသလားတော့ အမျိုးမျိုးပဲ၊ ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံရဲ့ အမြဲတမ်း ကိုယ်စားလှယ်အဖြစ် ဒီအတိုင်း ဆက်ထားမယ်လို့ ပြောတယ်၊ နိုင်ငံကို ကိုယ်စားပြုပြီး သူက မိန့်ခွန်း ပြောခွင့်ရတဲ့ပုဂ္ဂိုလ် မဟုတ်ဘူး။ အဲဒါကြောင့် အပြောင်းအလဲ ဘယ်လောက် ဖြစ်လာမလဲဆိုရင် လွန်ခဲ့တဲ့ တစ်နှစ် မှာလည်း ကျနော်တို့ ကြည့်တယ်၊ ကုလသမဂ္ဂကလည်း ဘာမှ မြန်မာနိုင်ငံကိစ္စမှာ အပြောင်းအလဲ လုပ်ပေးနိုင်တဲ့ အဖွဲ့အစည်းပုံစံမျိုး မဟုတ်တဲ့ ပုံစံမျိုး ဖြစ်နေတယ်၊ အဲဒါကြောင့် အခုချိန်မှာ ဘယ်လောက် အပြောင်းအလဲ ဖြစ်လာမလဲဆိုတော့က စောင့်ကြည့်ရုံပဲရှိတယ်၊ ဖြစ်လာမလား၊ မဖြစ်လာဘူးလားဆိုတာ ကျနော်တို့လည်း အဲဒီလို သုံးသပ်ဖို့ အခက်အခဲရှိတယ်” ဟု ပြောသည်။

နိုင်ငံတကာသံတမန် အသိုင်းအဝိုင်းနှင့် ပြည်တွင်း သံတမန် အသိုင်းအဝိုင်းကြားမှာတော့ နစက နှင့် NUG တို့သည် ၎င်းတို့က တင်သွင်းသည့် ကုလအမြဲတမ်း ကိုယ်စားလှယ်ကို ခန့်အပ်ပေးရေး အပြိုင်ကြိုးပမ်း လျက်ရှိနေသည်။

လက်ရှိ ကုလက ဦးကျော်မိုးထွန်းကို ကိုယ်စားလှယ်အဖြစ် သတ်မှတ်ခြင်းက NUG ၏ ကိုယ်စားလှယ်အဖြစ် သတ်မှတ်ခြင်းမဟုတ်ဘဲ ယခင် အစိုးရများလက်ထက်မှ ကိုယ်စားလှယ် အနေဖြင့်သာ လက်ခံခြင်း ဖြစ်ကြောင်း သိရသည်။