CNI International News

နယူးယောက်၊ ဇွန်လ ၇

ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက် ချမှတ်ခဲ့သော ပိတ်ဆို့ဒဏ်ခတ်မှု အစီအမံအရ ရုရှားဘီလျံနာ အေဘရာမိုဗစ်ချ် ပိုင်ဆိုင်သည့် ဇိမ်ခံလေယာဉ် နှစ်စင်းကို အမေရိကန်တရားရုံး တစ်ရုံးက ဇွန်လ ၆ ရက်တွင် ဖမ်းဝရမ်း ထုတ်လိုက်ကြောင်း တရားရုံးမှတ်တမ်းများကို ကိုးကားလျက် ရိုက်တာသတင်းဌာနက ရေးသားဖော်ပြသည်။

သို့သော် အမေရိကန်ဒေါ်လာ သန်း ၄၀၀ နီးပါး တန်ဖိုးရှိသည့် လေယာဉ်များကို အမေရိကန်အစိုးရ ထိန်းချုပ်နိုင်ခြေက မသေချာ မရေရာသေးပေ။

ဒေါ်လာ သန်း ၃၅၀ တန် ဘိုးရင်း 787 Dreamliner လေယာဉ်နှင့် ဒေါ်လာ သန်း ၆၀ တန် Gulfstream G650 ER လေယာဉ်တို့ သည် အမေရိကန်တွင် ဖမ်းဆီးထားခြင်း မရှိသေးကြောင်းနှင့် လေယာဉ်များ လက်ရှိ တည်နေရာကို အမေရိကန်အစိုးရ သိ/မသိ တရားဝင် ကြေညာရန် ငြင်းဆိုထားကြောင်း တရားရေးဌာန အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အမေရိကန်အစိုးရက ချမှတ်ထားသော ပိတ်ဆို့ဒဏ်ခတ်မှုကို ချိုးဖောက်၍ အဆိုပါ လေယာဉ်များ ပျံသန်းမှုရှိခဲ့ခြင်းကြောင့် မန်ဟက်တန်မြို့ရှိ ဖက်ဒရယ်တရားသူကြီးတစ်ဦးက အဆိုပါ ဖမ်းဝရမ်းကို ထုတ်ပေးခဲ့သည်။

တစ်ချိန်တည်းမှာပင် အမေရိကန် ကူးသန်းရောင်းဝယ်ရေးဌာနသည် အေဘရာမိုဗစ်ချ်နှင့် ဆက်စပ်နေသော လုပ်ငန်းစီမံခန့်ခွဲ ရေးဆိုင်ရာ စွဲချက်ကိုလည်း တင်ထားသည်။ အဆိုပါ ဖမ်းဝရမ်းများအရ လေယာဉ် အရွှေ့အပြောင်းကို တားဆီးနိုင်ဖွယ်ရှိ ကြောင်း အမေရိကန်အစိုးရဘက်မှ ပြောကြားခဲ့သည်။

ယူကရိန်းတွင် ကရင်မလင်၏ အထူးစစ်ဆင်ရေးဟု တံဆိပ်ကပ်ထားသော တိုက်ခိုက်နေမှု ရပ်တန့်ရန် ရုရှားသမ္မတ ဗလာဒီမာ ပူတင် နှင့်နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်များကို ဖိအားပေးရန် အမေရိကန် အာဏာပိုင်များက အပူတပြင်း လုပ်ဆောင်နေ ကြသည်။

အမေရိကန် သမ္မတ ဘိုင်ဒန်

ယခု ဖြစ်စဉ်အပေါ် အေဘရာမိုဗစ်ချ်၏ ပြောရေးဆိုခွင့်ရှိသူထံသို့ ရိုက်တာက သဘောထား မှတ်ချက် တောင်းခံခဲ့သော်လည်း ချက်ချင်း တုံ့ပြန်ခြင်း မရှိပေ။ အေဘရာမိုဗစ်ချ်ကလည်း ပူတင်နှင့် ၎င်းတို့ကြား ရင်းနှီးသော ဆက်ဆံရေး ရှိခြင်းဆိုသည်ကို ငြင်းဆိုထားသည်။

Gulfstream လေယာဉ်သည် အစ္စတန်ဘူလ်မြို့မှ မော်စကိုမြို့သို့ မတ်လ ၁၂ ရက်တွင် ပျံသန်းခဲ့ကြောင်း၊ နောက်တစ်နေ့တွင် တဲလ်အဗစ်မြို့မှ ထွက်ခွာလျက် မတ်လ ၁၅ ရက်တွင် အစ္စတန်ဘူလ်မှ မော်စကိုသို့ ထပ်မံပျံသန်းခဲ့ကြောင်း၊ အလားတူ ဘိုးရင်း 787 လေယာဉ်သည် ဒူဘိုင်းမြို့မှ မော်စကိုမြို့သို့ မတ်လ ၄ ရက်တွင် ပျံသန်းခဲ့သေးကြောင်း အမေရိကန်အစိုးရဘက်မှ ပြောသည်။

အကြောင်းမှာ အဆိုပါ လေယာဉ်များသည် အမေရိကန်တွင် ထုတ်လုပ်ခဲ့ခြင်းကြောင့် ပို့ကုန်ကန့်သတ်ချက် အသက်ဝင်လာပြီး နောက် ပျံသန်းမှု ပြုလုပ်သည့်အခါ ရုရှားနိုင်ငံသား အေဘရာမိုဗစ်ချ်အတွက် ရုရှားပြည်တွင်းသို့ ဝင်ရောက် ပျံသန်းနိုင်ရန် အမေရိကန် ကူးသန်းရောင်းဝယ်ရေးဌာနထံမှ ထုတ်ပေးသည့် လိုင်စင် လိုအပ်မည် ဖြစ်သည်။

လိုင်စင်များကို တောင်းခံထားခြင်း မရှိသော်လည်း အမေရိကန် မူဝါဒအရ ထိုတောင်းဆိုမှုများ ရှိခဲ့လျှင် ကူးသန်းရောင်းဝယ် ရေး ဌာနက ငြင်းဆိုရမည်ဖြစ်ကြောင်း သတင်းထောက်များကို ယင်းဌာနအရာရှိက ရှင်းပြခဲ့သည်။

အေဘရာမိုဗစ်ချ်အား လိုင်စင်မဲ့ လေယာဉ်ပျံသန်းမှုဖြင့် တစ်စင်းလျှင် ၃၂၈,၁၂၁ ဒေါ်လာအထိ (သို့မဟုတ်) အခြားပြစ်ဒဏ်များ အပါအဝင် လေယာဉ် အားလုံးအတွက် ဒေါ်လာ ၁ သန်း နီးပါးအထိ ကူးသန်းရောင်းဝယ်ရေးဌာန အနေဖြင့် ဒဏ်ရိုက်နိုင် ကြောင်း သိရသည်။

“အေဘရာမိုဗစ်ချ် ကဲ့သို့ ရုရှားလုပ်ငန်းရှင်တွေဟာ အကျိုးအကြောင်း မခိုင်လုံဘဲနဲ့ အမေရိကန်ရဲ့ ပို့ကုန်စည်းမျဉ်း ကန့်သတ် ချက်တွေကို ချိုးဖောက်တာကို ခွင့်ပြုမှာ မဟုတ်ဘူး” ဟု အမေရိကန် ကုန်သွယ်ရေးအရာရှိ ဂျွန်စွန်ဒါမန်းက ကြေညာချက်ထဲ တွင် ပြောကြားထားသည်။

Source: Reuters