CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၇

အနာဂတ်နိုင်ငံတော်နှင့် ဒီမိုကရေစီလမ်းကြောင်း ပီပြင်စွာ ဖော်ဆောင်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင် စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

USDP ၏ ဗဟိုကော်မတီ အစည်းအဝေးကို ယခုရက်ပိုင်းအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဦးသိန်းထွန်းဦးက “ကျနော်တို့ ဒီဗဟိုကော်မတီ အစည်းအဝေးကြီးဟာဆိုလို့ရှိရင် ကျနော်တို့ အနာဂတ် နိုင်ငံတော် အတွက် ရော၊ ပြည်သူတွေ လိုလားနေတဲ့ ဒီမိုကရေစီ လမ်းကြောင်းကိုပေါ့နော်၊ ဒါကို ပီပြင်စွာ ဖော်ဆောင်နိုင်ဖို့အတွက် ရှေ့လုပ်ငန်း စဉ်များနဲ့အတူ ဆက်လက် ဆောင်ရွက်သွားမယ်ဆိုတဲ့ ဟာလေးကို ကျနော့်အနေနဲ့ သတင်းကောင်း ပါးအပ်ပါတယ်ဗျ” ဟု ပြောသည်။

ယခု ရက်ပိုင်းအတွင်း ကျင်းပမည့် USDP ပါတီ၏ ညီလာခံတွင် ပါတီခေါင်းဆောင်ပိုင်း အပြောင်းအလဲများ ပြုလုပ်နိုင်ကြောင်း သုံးသပ်မှုများ ရှိနေကြသည်။

USDP ၏ ခေါင်းဆောင်ပိုင်း အပြောင်းအလဲနှင့် ပတ်သက်၍ အစည်းအဝေး တက်ရောက်လာကြသည့် ဗဟိုကော်မတီဝင်များ ၏ ဆန္ဒသဘောပေါ် မူတည်ကြောင်း၊ လာမည့် ရွေးကောက်ပွဲတွင် အဆင်သင့်ဖြစ်နေရန် ဗဟိုကော်မတီ အစည်းအဝေးမှ ရှေ့လုပ်ငန်းစဉ်များ ချမှတ်သွားမည် ဖြစ်ကြောင်း၊ အစိုးရဖွဲ့နိုင်ရေး ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ကြောင်း USDP မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးသိန်းထွန်းဦးက ပြောသည်။

၂၀၁၆ ခုနှစ်က USDP ပါတီ ညီလာခံကျင်းပစဉ်

၎င်းက “ဘာတွေ ပြင်ဆင်ထားတာ ရှိသလဲဆိုတော့ ကျနော်တို့ကတော့ ရွေးကောက်ပွဲ ကျင်းပမယ် ဆိုလို့ရှိရင် ဝင်ရောက် ယှဉ်ပြိုင်ဖို့ အတွက်ကို အရန်သင့်၊ အဆင်သင့် ဖြစ်အောင်အတွက်ကို ဒီဗဟိုကော်မတီ အစည်းအဝေးကနေပြီးတော့ ရှေ့လုပ် ငန်းစဉ်တွေ ချမှတ်သွားမှာ ဖြစ်ပါတယ်၊ ဒီလိုချမှတ်တဲ့ ဟာလည်းပဲ တက်ရောက်လာကြတဲ့ ဗဟိုကော်မတီတွေရဲ့ သူတို့ရဲ့ အမြင်တွေကို ဖလှယ်ပြီးတဲ့ အခါကြတော့ သူတို့ရဲ့ တွေ့ရှိချက်တွေကို တင်ပြမယ်၊ ဒီလိုတင်ပြတဲ့ အပေါ်မှာ ရှေ့လုပ်ငန်းစဉ် ဆိုတာ ပေါ်ပေါက်လာမယ်၊ ဒီရှေ့လုပ်ငန်းစဉ် ပေါ်ပေါက်လာတဲ့ အပေါ်မှာ ကျနော်တို့ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်ခင်ဗျ။ ကျနော်တို့ ပါတီတိုင်းဟာ ဆိုလို့ရှိရင် ရွေးကောက်ပွဲ ယှဉ်ပြိုင်တဲ့အခါမှာ မိမိတို့ အစိုးရဖွဲ့နိုင်ရေး၊ မိမိတို့ လွှတ်တော်ပေါ်မှာ ထိုင်ခုံရရှိရေးအတွက်ကို ဒါပါတီတိုင်း ကြိုးစားကြတာ ဖြစ်ပါတယ်။ အလားတူပါပဲ ကျနော်တို့ဟာ ပါတီများထဲက ပါတီတစ်ခု ဖြစ်တဲ့အတွက် ဒီအတိုင်းပဲ ကြိုးစားဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်” ဟု ပြော သည်။

လက်ရှိ နစက ဥက္ကဋ္ဌ၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုကို တက်ရောက်လာကြသည့် အဖွဲ့အစည်းများကို ထောက်ခံကြိုဆို ကြောင်းနှင့် အချိန်တိုအတွင်း ညှိနှိုင်းဆွေးနွေး၍ ရလဒ်များ ရရှိမှာ ဖြစ်သည့်အတွက် အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းပါဝင်မည်ဆိုပါက ငြိမ်းချမ်းရေးမှာ ခြေလှမ်းတစ်ခု ရနိုင်မည်ဖြစ်ကြောင်း ဦးသိန်းထွန်းဦးက ပြောသည်။

လက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)တွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၄၂ ဦး၊ ဗဟိုကော်မတီ ဝင် ၂၇၅ ဦးနှင့် အရံ ဗဟိုကော်မတီဝင် ၇၅ ဦးရှိကြောင်း သိရသည်။