CNI International News

နျူဆူလ်တန်၊ ဇွန်လ ၇

ဆိုဗီယက်ပြည်ထောင်စုတွင် ပါဝင်ခဲ့ဖူးသည့် သမ္မတနိုင်ငံဟောင်းကို ဆယ်စုနှစ် ၃ ခုကြာ ဦးဆောင်ခဲ့သည့် နျူဆူလ်တန် နာဇာဘာယဲ့ဗ် (Nursultan Nazarbayev) ၏ အစဉ်အလာကို ဖယ်ရှားရန် ကြိုးပမ်းမှုတစ်ရပ်အဖြစ် အာရှအလယ်ပိုင်းရှိ ကာဇက်စတန်နိုင်ငံတွင် မဲဆန္ဒရှင်များက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအဆိုပြုချက် အတွက် ဆန္ဒမဲများပေးခဲ့ကြကြောင်း အေပီသတင်းအရ သိရသည်။

ဇွန်လ ၅ ရက်၌ လူထုဆန္ဒခံယူပွဲကျင်းပခဲ့ရာ မဲဆန္ဒရှင် ၇၇ ရာခိုင်နှုန်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အား ထောက်ခံခဲ့ကြကြောင်း ပဏာမရလဒ်များအရ ကာဇက်စတန်၏ ဗဟိုရွေးကောက်ပွဲကော်မရှင်က ဇွန်လ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ကန့်ကွက်မဲပေးသူ ၁၉ ရာခိုင်နှုန်းသာ တွေ့ရသော်လည်း မဲစုစုပေါင်း၏ ၂ ဒသမ ၆ ရာခိုင်နှုန်းမှာ ပယ်မဲများ ဖြစ်ခဲ့ သည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း အကြမ်းဖက်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး လူ ၂၃၀ ကျော်သေဆုံးခဲ့ရကာ အာဏာချုပ် ကိုင်မှု ပိုမိုအားကောင်းလာခဲ့သော သမ္မတ ကာဆင်းရှာမတ်တိုကာယဲ့ဗ်က ယခုဆန္ဒခံယူပွဲကျင်းပပေးရန် စီစဉ်ခဲ့ သည်။

လောင်စာဆီဈေးနှုန်းများ တက်လာမှုကြောင့် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်မှာ မှန်သော်လည်း စီးပွားရေး တည်ငြိမ် စေရေးလိုလားကြောင်းနှင့် အာဏာရှင်အစိုးရအပေါ် လူထုမကျေနပ်မှုရှိနေကြောင်း ထင်ဟပ်ပြသခဲ့ကြသည်။
ဇွန်လ ၅ ရက်၌ ကျင်းပသည့် ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲတွင် သေဒဏ်စီရင်ခြင်းကို တားမြစ်ခြင်း၊ အစိုးရ အရာရှိအချို့ နိုင်ငံရေးပါတီများတွင် ပါဝင်ခွင့် ပိတ်ပင်ခြင်းကဲ့သို့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လိုလားချက်များ ကိုလည်း ထုတ်ဖော်ခဲ့ကြသည်။

ကာဇက်စတန်နိုင်ငံတွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပနေစဉ်အတွင်း အမျိုးသမီးတစ်ဦး မဲရုံ၌ မဲထည့်စဉ်(ဓါတ်ပုံ-အေပီ)

လက်ရှိသမ္မတ တိုကာယဲ့ဗ်သည် ၁၉၉၁ ခုနှစ်၊ ဆိုဗီယက်ပြိုကွဲပြီးနောက် နိုင်ငံကိုဦးဆောင်ခဲ့သူ သမ္မတဟောင်း နာဇာဘာယဲ့ဗ်ကို ဘေးဖယ်ထားရန် စနစ်တကျ အရွှေ့အပြောင်းပြုလုပ်ခဲ့ရာ နာဇာဘာယဲ့ဗ်မှာ ၂၀၁၉ ခုနှစ်တွင် ရာထူးမှ နုတ်ထွက်သွားခဲ့သည်။ သို့သော် ယခုနှစ်ဆန်းပိုင်း ဇန်နဝါရီလ တိုင်းပြည်မငြိမ်မသက်ဖြစ်ချိန်အထိ နာဇာဘာယဲ့ဗ်သည် အမျိုးသားလုံခြုံရေးကောင်စီ၏အကြီးအကဲအဖြစ် ဩဇာလွှမ်းမိုးနေခဲ့သည်။

ဇန်နဝါရီလ ဆန္ဒပြပွဲများအတွင်း ဆန္ဒပြသူအများအပြားက အသက် ၈၁ နှစ်အရွယ်ရှိ သမ္မတဟောင်း နာဇာဘာ ယဲ့ဗ်ကို ရည်ညွှန်းလျက် “အဘိုးကြီး ထွက်သွား” ဟု ကြွေးကြော်အော်ဟစ်ခဲ့ကြသည်။
ယင်းနောက် ဇန်နဝါရီနှောင်းပိုင်းတွင် တိုကာယဲ့ဗ်က သမ္မတအဖြစ် အာဏာရပါတီကို ဆက်လက်ဦးဆောင်ခဲ့ သည်။

မတ်လတွင် တိုကာယဲ့ဗ်သည် သမ္မတ၏အခွင့်အာဏာကို လျှော့ချခြင်းနှင့် လွှတ်တော်ကို အားကောင်းစေခြင်း အပါအဝင် နိုင်ငံရေးပြုပြင်ပြောင်းလဲရေး ကတိပြုလာခဲ့သည်။

တိုင်းပြည်စီးပွားရေးကဏ္ဍတွင် အစိုးရ၏ပါဝင်ပတ်သက်မှုကို လျှော့ချရန်နှင့် ဆင်းရဲ၊ ချမ်းသာကွာဟချက် ပေါင်းကူးသွားရန် ကြိုးပမ်းသွားမည်ဟု ၎င်းက အာမခံခဲ့သည်။

Source: AP