CNI News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၅ 
‌‌
ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာမည့် အစိုးရနှင့်လွှတ်တော်သည် ပါတီတစ်ခုတည်းကသာ ကြီးစိုးမည့် လွှတ်တော်နှင့် အစိုးရသစ်တစ်ရပ်သာ ဖြစ်လာနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။ 

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ရွေးကောက်ပွဲ အပိုင်း(၁)ကို စတင် ကျင်းပခဲ့ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် ရွေးကောက်ပွဲ အပိုင်း(၂)ကိုလည်းကောင်း၊ ဇန်နဝါရီ ၂၅ ရက်၌ ရွေးကောက်ပွဲ အပိုင်း (၃)ကို လည်းကောင်း ကျင်းပမည်ဖြစ်သည်။

ရွေးကောက်ပွဲအပိုင်း(၁) ကျင်းပအပြီး မဲရလဒ်ထွက်ပေါ်လာသည့် အခါမှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ(USDP)က မြို့နယ် ၁၀၂ မြို့နယ်တွင် အနိုင်ရရှိမှု ၈၀ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာမည့် လွှတ်တော်တွင် ပါတီတစ်ခုတည်းကသာ ကြီးစိုးခြင်းမျိုး မဟုတ်ဘဲ ပါတီများ ထိုက်သင့်အားလျော်စွာ ပါဝင်စေလိုကြောင်း၊ ထိုမျှော်လင့်ချက်သည် လက်ရှိ‌ ရွေးကောက်ပွဲအပိုင်း(၁)၌ ပြည့်မှီခြင်း မရှိဘူးဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်‌အောင်ကျော်က CNI သတင်း ဌာနသို့ ပြောသည်။ 

နိုင်ငံရေးပါတီများတွေ့ဆုံကြစဉ်

၎င်းက “ရွေးကောက်ပွဲကတော့ ကျနော်တို့က ရွေးကောက်ပွဲကို အမြန်ဆုံး ဖြစ်စေချင်တာ ဖြစ်တဲ့အတွက်ကြောင့် ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ဖြစ်သွားတဲ့ အပိုင်းကိုတော့ ကျနော်တို့က ဝမ်းမြောက်ဝမ်သာ ကြိုဆိုတယ်လို့ ပြောရမှာပေါ့။ ဒါပေမယ့် ဒီ‌ရွေးကောက်ပွဲမှာ ထွက်လာတဲ့ ရလဒ်ကိုကျတော့ ကျနော်တို့က လွှတ်တော်ထဲမှာ အား ကောင်းတဲ့ Check and Balance ပေါ့၊ အထိန်းအထေးတွေ ဖြစ်စေချင်တဲ့ ပုံသဏ္ဍာန်မျိုး ဖြစ်စေချင်တာပေါ့လေ။ အဲဒီလို ဖြစ်စေချင်တာဖြစ်တဲ့ အတွက်ကြောင့် ဘယ်ပါတီတွေရရ ကောင်းပါစေတော့ မဆိုလိုဘူး။ သို့ပေမယ့် တစ်ပါတီထဲ ကြီးစိုးတာမျိုး မဟုတ်ပဲနဲ့ ပါတီတွေ ထိုက်သင့်အားလျော်စွာ ပါဝင်ပြီးတော့မှ တစ်ခုနဲ့တစ်ခု အထိန်းအထေး များများရနိုင်တဲ့ အခင်းအကျင်းမျိုး မျှော်လင့်တာ ဖြစ်တယ်ပေါ့။ ဒါပေမယ့် အဲဒီ မျှော်လင့်ချက်ကတော့ မပြည့်မှီဘူး ပြောရမှာပေါ့လေ။ လက်ရှိ ပထမအပိုင်း အခင်းအကျင်း အတိုင်းပဲ ဆက်သွားမယ် ဆိုလို့ရှိရင်တော့ ဒါကျိန်းသေတယ်။ တစ်ပါတီထဲက ကြီးစိုးလွှမ်းမိုးတဲ့ လွှတ်တော်ဖြစ်သွားမယ်။ တစ်ပါတီထဲက ဦးဆောင်ဖွဲ့စည်းတဲ့ အစိုးရ ဖြစ်သွားမှာပေါ့။ ဆိုတဲ့အခါကျတော့ ကျန်တဲ့ အနည်းအကျဥ်းပါလာတဲ့ ကိုယ်စားလှယ်တွေပေါ့နော် ကျန်တဲ့ အသီးသီးက ပါတီအင်အားက ကိုယ်စားလှယ်တွေအတွက်က ပိုပြီးတော့မှ ဝန်ထုပ်ဝန်ပိုး ပိုဖြစ်မှာပေါ့။ သူတို့ ပိုလုပ် ရမှာပေါ့နော်။ Check and balance ဖြစ်‌ဖို့ဆိုတဲ့ ဟာကိုကျတော့ တကယ့်ကို သူတို့ ပိုကြိုးစားရမှာပေါ့” ဟု ပြော သည်။  

ရွေးကောက်ပွဲ ပထမတစ်ပိုင်းရလဒ် တစ်ခုနှင့်သာ တွက်ချက်ပြီး ပါတီတစ်ခုတည်းကသာ ကြီးစိုးမည့် အခင်း အကျင်း ဖြစ်လာနိုင်သည်မှာ သုံးသပ်ရန် ခက်ခဲကြောင်း၊ မည်သည့်ပါတီပဲ အားကောင်းသည်ဖြစ်စေ နိုင်ငံအတွက် မည်မျှ အလုပ်လုပ်နိုင်သလဲ ဆိုသည်ကသာ အဓိကကျမည်ဟု သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။ 

နိုင်ငံရေးပါတီ ခေါင်းဆောင် တချို့ကိုတွေ့ရစဉ်

၎င်းက “၂၀၁၀ တုန်းက စခဲ့တုန်းကလည်း USDP က Majority ပါတီအနေနဲ့ ပုံစံမျိုး ဖြစ်ခဲ့တာကို။ ဖြစ်ခဲ့တော့ အဲဒီလို ပုံစံမျိုးတွေကြည့်ပြီး လူတွေက ကြိုတွေးကြတာတွေလည်း ရှိပါတယ်။ သို့သော် လွှတ်တော်ထဲမှာ ဘယ်သူတွေ ဝင်လာမလဲ။ မျက်နှာဟောင်းတွေလား မျက်နှာသစ်တွေလား။ နောက်တစ်ချက်က ဘယ်လောက်ထိ နိုင်ငံနဲ့ ပတ်သက်လို့ ထိထိမိမိ ဆောင်ရွက်နိုင်မလဲ။ အလုပ်လုပ်နိုင်မလဲ။ အဲဒါတွေပေါ် မူတည်ပြီးတော့ ဆုံးဖြတ် သုံးသပ် ရမယ်လို့ ကျနော်ကတော့ မြင်တယ်။ ဆိုလိုတာက ဟိုတုန်းက ဒီလိုဖြစ်ခဲ့လို့ ရှိလာမယ့် အချိန်မှာလည်း ဒီလိုမျိုး ဖြစ်သွားနိုင်သလား ဆိုတာကတော့ မှန်းဆတဲ့ အချိန်မှာတော့ မှန်တယ်။ ‌ Majority ဖြစ်တယ်ဆိုတာ လောက်နဲ့ တော့ ကျနော်တို့က သုံးသပ်ချက်ကို အဲဒီလောက်ထိတော့ ကျနော်တို့ဆီမှာ ဆုံးဖြတ်ချက်ချလို့ မရဘူး။  ကျနော် တို့ မြင်တာကတော့ ဒီလိုမျိုး ပါတီတွေက ဘယ်သူပဲ အားကောင်းသည်ဖြစ်စေ တကယ်တမ်း နိုင်ငံနဲ့ပတ်သက်လို့ ရှေ့ရေး အနာဂတ်အတွက် ဘယ်လိုမူဝါဒတွေ ချမှတ်နိုင်တယ်။ ဘယ်လို အပြောင်းအလဲတွေ ဖော်ဆောင်နိုင် တယ်။ ဘယ်လောက် အလုပ်လုပ် နိုင်တယ်ဆိုတာ အဲဒါကပဲ အဓိက ကျမယ်လို့ ကျနော်ကတော့ မြင်တယ်” ဟု ပြောသည်။

ရွေးကောက်ပွဲ ကျင်းပပြီး အစိုးရသစ်ကို ဖွဲ့စည်းသည့် အခါမှာလည်း တပ်မတော်နှင့် USDP ပါတီက ဦးဆောင်လာ နိုင်ခြင်းကြောင့် မည်သည့် အပြောင်းအလဲမှ မဖြစ်နိုင်ဘူးဆိုကာ ပြည်သူလူထုများက ယူဆထား၍လည်း ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု အားနည်းနေခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက ပြော သည်။

လက်ရှိတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ကျင်းပခဲ့သော ရွေးကောက်ပွဲအပိုင်း(၁)၌ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ(USDP)က တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ၈၀ ရာခိုင်နှုန်း အနိုင်ရရှိထားကြောင်း၊ ရန်ကုန် တိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေ အားလုံး အနိုင်ရထားကြောင်း သိရသည်။

ထို့နောက် တိုင်းရင်းသားစည်းလုံးညီညွတ်‌ရေးပါတီ(တစည)က ဒုတိယနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ နာဂ အမျိုးသားပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ရခိုင့်ဦးဆောင်ပါတီ၊ ရှမ်နီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီတို့က တတိယ အဖြစ် အနိုင်ရရှိထားသည်။