CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၆
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရာ၌ မည်သည့်နည်းလမ်းပုံစံဖြင့် ပြင်၍ရနိုင်မလဲဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။
မြန်မာနိုင်ငံ၏ လက်ရှိအနေအထားအရ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှ အချို့ပုဒ်မများအား ပြင်ဆင်ရန်လိုအပ် သည်ဟု ထောက်ပြမှုများရှိသကဲ့သို့ အလုံးစုံဖျက်သိမ်း၍ အသစ်ပြန်လည် ရေးဆွဲရမည်ဟု ထောက်ပြမှုများလည်း ရှိနေကြသည်။
မြန်မာနိုင်ငံ၏ ပြဿနာသည် ဖွဲ့စည်းပုံ ပြဿနာဖြစ်ကြောင်း၊ ထို့ကြောင့် အလုံးစုံဖျက်သိမ်းပြီး အားလုံး သဘောတူ လက်ခံနိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအသစ်ကို ရေးဆွဲရမည်ဖြစ်ကြောင်း မွန်ပြည် ဖက်ဒရယ်ကောင်စီဥက္ကဋ္ဌ နိုင်မွန်ဆိုင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ငြိမ်းချမ်းရေး ဆွေးနွေးပွဲလုပ်မယ်။ ဖွဲ့စည်းပုံကို အသစ်ပြန်ရေးဆွဲမယ်။ ရေးဆွဲလာတဲ့ အသစ်ဖွဲ့စည်းပုံကို တိုင်းပြု၊ ပြည်ပြု လွှတ်တော်တစ်ခုမှာ အတည်ပြုမယ်။ အဲဒီ process မပါဘဲနဲ့ အခုရှိနေတဲ့ ၂၀၀၈ ကို ဟိုပြင်လိုက် ဒီပြင်လိုက် လုပ်လို့မရဘူးပေါ့။ ဒါကိုလုပ်တာက အိုယွင်းပျက်စီးနေတဲ့ အိမ်တစ်လုံးကို ဟိုကာလိုက် ဒီကာလိုက်၊ ဟိုဖဲ့လိုက် ဒီဖဲ့လိုက် ဒါမျိုးလုပ်တာကတော့ အဆင်မပြေဘူး။ ၂၀၀၈ ဖွဲ့စည်းပုံကို လုံးလုံး ဖျက်သိမ်းရမှာဖြစ်ပါ တယ်။ ဒါကြောင့် ကျနော်တို့အားလုံးက သဘောတူနိုင်တဲ့ ဖက်ဒရယ်ကို ဦးတည်တဲ့ ဒီမိုကရေစီစနစ်ကို ဦးတည်တဲ့ ဖွဲ့စည်းပုံတစ်ခု ရေးဆွဲနိုင်မှသာလျှင် ကျနော်တို့နိုင်ငံရဲ့ ရေရှည်ငြိမ်းချမ်းရေး တည်တံ့မှာဖြစ်ပါတယ်။ ကျနော်တို့ နိုင်ငံရဲ့ ပြဿနာက ဖွဲ့စည်းပုံပြဿနာဖြစ်တယ်။ ဒီဖွဲ့စည်းပုံထဲမှာ တစ်စုတစ်ဖွဲ့ကနေ အုပ်စိုးထားတဲ့၊ ထိန်းချုပ် ထားတဲ့ ဖွဲ့စည်းပုံဖြစ်တယ်။ အားလုံးက ပါဝင်နိုင်အောင် လမ်းမဖွင့်ထားဘူး လမ်းပိတ်ထားတဲ့ ဖွဲ့စည်းပုံဖြစ်တယ်။ ဒီမိုကရေစီမရှိတဲ့ ဖွဲ့စည်းပုံဖြစ်တယ်။ နောက် တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အလေးမပေးတဲ့ ဖွဲ့စည်းပုံဖြစ်တဲ့အတွက် ဒီဖွဲ့စည်းပုံကို ပြင်လို့မရဘူး။ ဖျက်ဖို့ပဲရှိပါတယ်လို့ ပြောချင်ပါတယ်” ဟု ပြောသည်။
လွှတ်တော်အတွင်းက တပ်မတော်သားများကို တွေ့ရစဉ်
၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပွားပြီးနောက်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းသည်ဟု တော်လှန်ရေးအင်အားစုများဘက်မှ ထုတ်ဖော်ပြောကြားထားပြီး ၎င်းတို့ကိုယ်တိုင် ရေးဆွဲထားသည့် ဖွဲ့စည်းပုံ မူကြမ်းရှိကြောင်း ပြောကြားခဲ့သည်။
သို့သော်လည်း တိုင်းရင်းသားလက်နက်ကိုင်များတွင် ရှိနေသော ဖက်ဒရယ်ဖွဲ့စည်းပုံကို အမျိုးသားညီညွတ်ရေး အစိုးရ(NUG)က လက်မခံ၍ သဘောထား ကွဲလွဲမှုများရှိနေသည်။
အလားတူ မြန်မာ့တပ်မတော်နှင့် နိုင်ငံရေးပါတီများကြားမှာလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အပေါ် သဘောထားကွဲလွဲနေပြီး မည်သည့်နည်းလမ်းဖြင့် ပြင်ဆင်ကြမလဲ အဖြေရှာမရသေးပေ။
မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲ ပြင်ဆင်ချင်သည့် ဆန္ဒရှိပါက လွှတ်တော်ထဲမှာသာ နည်းလမ်းရှိပြီး ကျန်အခြားနည်းလမ်း ရှာမတွေ့ကြောင်း၊ မည်သို့ပင်ဖြစ်စေ စားပွဲဝိုင်းလမ်းကြောင်းပေါ်သာ ပြန်တည့်ရမည်ဖြစ်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခြေခံဥပဒေ သဘောတရားကတော့ ခေတ်နဲ့အညီ နောက်ကနေလိုက်ပြီး ပြင်တာပြင်၊ ဖြည့်တာဖြည့် လုပ်ကြတာကို။ ဒါလည်း ဒီမိုကရေစီ လမ်းကြောင်းသွားနေတဲ့ နိုင်ငံတွေအကုန်လုံးပါပဲ။ ကျနော်တို့လည်း အဲဒီလို သွားမယ်ဆိုရင် ဖြည့်စွက်ပြင်ဆင်ပေါ့။ ဒါပေမယ့် ဖြည့်စွက် ပြင်ဆင်ဆိုတဲ့ လမ်းကြောင်းကတော့ ဥပဒေ လမ်းကြောင်းအတိုင်း မဝင်ဘဲနဲ့ အပြင်ကနေ တခြားနည်းလမ်းနဲ့ ကြိုးစားဖို့တော့ မလွယ်ဘူးလေ။ အဲဒီလိုကြိုးစား မယ် ဥပဒေကိုလည်းပြင်မယ်ဆို လွှတ်တော်နည်းလမ်းရှိတယ်။ လွှတ်တော်ထဲ ဘယ်လောက်ထိ ဝင်ထိုင်ပြီး ဘယ်လိုလုပ်ကြမလဲ။ သေချာတာကတော့ စားပွဲဝိုင်းလမ်းကြောင်းပေါ်ကိုပဲ ပြန်တည့်ရမှာပဲ။ အဲဒီမှာထဲက ရှင်းပြီး သားပဲ ပြင်ချင်တယ် ပြောင်းချင်တယ်။ အဲဒါနဲ့ပတ်သက်ပြီး လုပ်ချင်တဲ့ ဆန္ဒရှိတယ်ဆိုရင် လွှတ်တော်ထဲမှာပဲ နည်းလမ်းရှိတယ်။ ကျန်တဲ့နည်းလမ်းတော့ ကျနော်တို့လည်း ရှာမတွေ့ဘူး” ဟု ပြောသည်။
မြန်မာနိုင်ငံ၏ အစဉ်အလာကို ကြည့်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု၏ သက်တမ်း ၁၅ နှစ်ဝန်းကျင်သို့ ရောက်လာပါက ပျက်ပြယ်သွားသည်များကို တွေ့ရပြီး လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံမှာ သက်တမ်းအကြာဆုံး ဖြစ် သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
လက်ရှိတွင် ဖွဲ့စည်းပုံကို ပြင်ဆင်မည်ဆိုလျှင် အားလုံးသဘောတူပါက လွှတ်တော်မပါဘဲလည်း ပြင်ဆင်၍ ရကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)မှဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “calendar ကျ ပြောကြမယ်ဆိုရင် များသောအားဖြင့်တော့ ၁၄ နှစ်၊ ၁၅ နှစ် အဲဒီပတ်ဝန်းကျင်ပေါ့။ ၄၇-၄၈ ကနေစပြီးတော့ ၆၂ ထိဆိုလည်း ၁၄ နှစ်၊ ၁၅ နှစ် အဲဒီပတ်ဝန်းကျင်ပဲ။ အဲဒီအချိန်ကြရင် သူ့ဘာသာသူ ဘယ်လိုလဲ တော့မသိဘူး ပျက်ပျက်သွားတာပေါ့။ ပြန်ပြင်ရတာတွေ မပြင်ရတာတွေတော့ မသိဘူး အဲဒီပတ်ဝန်းကျင်မှာဆိုရင် အဲဒီလို ဖြစ်တတ်တာများတယ်။ အခုဆိုရင် ၂၀၀၈ ကတော့ တော်တော်လေး ကြာသွားပြီ ၁၆-၁၇ နှစ်လောက် ဖြစ် သွားပြီ။ ဒါပေမယ့် တလွဲမာနလို့ပဲပြောရမယ်။ သတ်မှတ်ထားတာမှ မရှိဘဲ။ အခြေခံဥပဒေတစ်ခုက ၁၄ နှစ်၊ ၁၅ နှစ် ဒါပြီးရင် ပြင်ရမယ် အဲဒီလိုမရှိပါဘူး။ သဘာဝကျတာတော့ မြန်မာနိုင်ငံကတော့ လွတ်လပ်ရေး ရပြီးကတည်း က ၁၄ နှစ်၊ ၁၅ နှစ် ပတ်ဝန်းကျင်ဆို အခြေခံဥပဒေက ဆက်မရှိတော့ဘူး။ အများအားဖြင့် ပျက်သွားတာများတယ်။ ၂၀၀၈ အောက်မှာ ပြင်မယ်ဆိုရင်တော့ လွှတ်တော်ထဲမှာ ပြင်ရမှာပေါ့။ ဒါပေမယ့်လည်း အားလုံးသဘောတူလို့ရှိ ရင် လွှတ်တော်ထဲမှာ မပါဘဲနဲ့လည်း ပြင်လို့ရတာပဲ။ အားလုံးသဘောတူဖို့ပဲလိုတယ်” ဟု ပြောသည်။
လက်ရှိတွင် နစကအနေဖြင့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးကာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲကမှ ပြင်ဆင်သင့် ပြင်ဆင်ထိုက်သည့် ဥပဒေပုဒ်မများကို ပြင်ဆင်ရေး ဆွေးနွေးညှိနှိုင်း သဘောတူညီမှုများ ပြုလုပ် လျက်ရှိသည်။
အဆိုပါ ဆွေးနွေးမှုများကြောင့် နစက၏ NSPNC နှင့် နိုင်ငံရေးပါတီ အစုအဖွဲ့၏ အလုပ်အဖွဲ့ကြား ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အချက် ၄၃ ချက် ရရှိထားသလို ဆက်လက် ဆွေးနွေးရန် အချက် ၇ ချက် ကျန်နေသေး ကြောင်း နိုင်ငံရေးပါတီများက ပြောသည်။
တချို့ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုစဉ်က လွှတ်တော်ကနေ အတည်ပြုခဲ့ခြင်းမဟုတ်၍ လွှတ်တော်ထဲကနေပဲ ပြင်ဆင်ရမည်ဆိုသည်မှာ မဖြစ်နိုင်ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းမှာ လွှတ်တော်မရှိဘဲဖြစ်နေကြောင်း၊ လွှတ်တော်ပြင်ပကနေ ပြင်ဆင်နိုင်သော လမ်းကြောင်းကို ဖွင့်ပေးရန် လိုသလို နည်းလမ်းရှာရန်လည်း လိုအပ်ကြောင်း ထောက်ပြကြသည်။