CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၃
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူ့စစ်မှုထမ်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသူများအား မည်ကဲ့သို့ အခွင့်အလမ်းများ ပေးသင့်သလဲဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား မေးခွန်းထုတ်လျက်ရှိ သည်။
ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင် အာဏာတည်စေခဲ့ပြီး တစ်ပတ်စဉ်လျှင် လူဦးရေ ၅၀၀၀ ဖြင့် စတင် သင်တန်းပေးခဲ့ရာ လက်ရှိအချိန်မှာ ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဥ် ၁၉ အထိ ရှိပြီဖြစ်သည်။
စစ်မှုထမ်းတာဝန် ကျေပွန်စွာ ပြီးဆုံးသွားသူများသည် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်လိုပါက အလုပ် အကိုင် ရှာဖွေ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင် ခန့်အပ်ပေးနိုင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်က နိုဝင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။
ပြည်သူ့စစ်မှုထမ်း တာဝန်ကျေပွန်စွာ ပြီးဆုံးသူများအား အစိုးရအနေဖြင့် ကောင်းမွန်သည့် အကျိုးခံစားခွင့်များ၊ အခွင့်အလမ်းများ ပေးသင့်ကြောင်း၊ နိုင်ငံတော်ပေါ်လစီကို ကိုင်တွယ်သည့်အခါတွင် မည်သည့် အကျိုးခံစားခွင့် များ ပေးမလဲဆိုခြင်းသည် အရေးကြီးသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်း ဌာနသို့ ပြောသည်။

စစ်မှုထမ်းဥပဒေကို ထောက်ခံကြသူများကို တွေ့ရစဉ်
၎င်းက “ပြည်ပထွက်ပြီး လုပ်ကိုင်တာ လောက်နဲ့တင်မကဘူး။ အဓိက,က ဒီဟာကို ဖြစ်စေချင်တယ် ဆိုလို့ရှိရင် ဒီနောက်ပိုင်းမှာ ဘာ Incentive ရှိသလဲဆိုတာ သေသေချာချာပြရမယ်၊ လုပ်သင့်တယ်ပေါ့နော်။ အဲ့လိုမျိုးကို ကျနော်တို့ကတော့ တောက်လျှောက်ပြောခဲ့တာပေါ့။ ပြောခဲ့တယ်ဆိုတော့ အခါကျတော့ အခု ဒီလိုလေး လုပ် တာကတော့ ကျနော်တို့ ကြိုဆိုတယ်။ ဒီထက်တင် မကဘူး ဒီဟာပြီးစီး ပြီးသွားတယ်ဆိုတဲ့ အချိန်မှာ ကျနော်တို့ ဒါပြောရမယ်ဆိုလို့ရှိရင် စစ်ပြန်တွေပေါ့ဗျာ။ အမေရိကန်နိုင်ငံမှာ အမေရိကန်ကားတွေ ကြည့်ခဲ့သလိုပဲ စစ်ပြန်တွေ ကို သူတို့ ဘယ်လို Treat လုပ်လဲဆိုတာ ဒါမျိုးပုံစံမျိုးတွေက ပေးသင့်တယ် လုပ်သင့်တယ်ပေါ့။ အမှန်က Incentive ရှိမှ လေ အလကားနေရင်း ကိုယ့်အသက် အသေခံပြီး အသက်စွန့်ပြီးတော့မှ ဘာဆိုတဲ့ဟာ ဘာလုပ်ရမှာလဲပေါ့၊ ဘာ အတွက် လုပ်ရမှာလဲပေါ့။ အခုဖြစ်နေတဲ့ ဟာကြီးကလည်း ပြောရမယ်ဆိုလို့ရှိရင် နိုင်ငံသားချင်းဆိုတဲ့ဟာမျိုး ဖြစ်တဲ့ အခါကျတော့ လူတွေမှာ တော်တော် Confuse ဖြစ်တာကို နည်းနည်းခေါင်းထဲမှာ တစ်မျိုးဖြစ်စေတာပေါ့။ ဒါပေမယ့် ဘာပဲပြောပြော ဒါသည် နိုင်ငံတော်ပေါ်လစီဆိုတာ ဖြစ်တယ်ဆိုတဲ့အချိန်မှာ ဒီနိုင်ငံတော် ပေါ်လစီကို ကိုင်တွယ်တဲ့အခါမှာ တကယ့်ကို ဘယ်လို Incentive တွေ ပေးမလဲဆိုတဲ့ဟာက အရေးကြီးတာပေါ့။ အခုဒါက စပေးတာပေါ့လေ ကျနော်မြင်တာ သိပ်တောင် မလုံလောက်သေးဘူး ဒီထက်ပိုကောင်းအောင် လုပ်ပေးသင့်တယ် လို့တော့ ကျနော် မြင်ပါတယ်” ဟု ပြောသည်။
နိုင်ငံတော်အစိုးရ အနေဖြင့် ပြဋ္ဌာန်းထားသည့် ကိစ္စရပ်တစ်ခုသည် အကောင်အထည် မဖော်နိုင်စရာ မရှိကြောင်း၊ ပြည်သူ့စစ်မှု ထမ်းဆောင်သူများ ရလာနိုင်မည့် အခွင့်အလမ်းများသည် များစွာရှိနိုင်ပြီး အစိုးရ၏ စီမံကိန်းစည်းမျဥ်းစည်းကမ်း စသည့် အပေါ်မှာသာ မူတည်သည်ဟု သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ အမှုဆောင် ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ပြည်သူ့စစ်မှုထမ်းများကိုတွေ့ရစဉ်
၎င်းက “နိုင်ငံတော်အဆင့် Level က သုံးတဲ့ ကိစ္စရပ်တစ်ခုက အကောင်အထည် မဖော်နိုင်စရာတော့ ဘာမှမရှိ ဘူးလေ၊ ပြောရရင် အပြင် အေဂျင်စီတွေနဲ့တောင် ချိတ်ဆက်ပြီးတော့မှ နိုင်ငံခြားကို အလုပ်သွားလုပ်ဖို့ လုပ်နေ ကြတဲ့ဥစ္စာ နိုင်ငံတော်အဆင့်ကနေ စီမံဆောင်ရွက်ပေးမယ့်။ ကိစ္စတစ်ခုက ဘယ်လိုကြောင့် မအောင်မြင်ဘူးလို့ ကျနော်တို့က တွေးရမှာတုန်း။ နိုင်ငံခြားသွားပြီး အလုပ်လုပ်ချင်သလား နောက်ပိုင်းကျတော့ စပြီးတော့ ဥပဒေ ထွက်စဥ်တည်းက ဥပမာ အလုပ် တစ်ခုခုကနေပြီးတော့ နှုတ်ထွက်ပြီးတော့ တာဝန်ထမ်းဆောင်ခဲ့ရတယ်ဆို အဲ့ဒီ အလုပ်မှာ ပြန်လည်ထမ်းဆောင်ခွင့်တွေပါပဲ၊ အများကြီးပါပဲ။ အဲ့တာကတော့ ခုနကပြောသလိုပေါ့။ သက်ဆိုင်ရာ ဥပဒေချမှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်း ဥပဒေအတိုင်းပဲ ဖြစ်ပါလိမ့်မယ်။ စီမံကိန်းအရ ဘယ်လိုလုပ်ထားလဲ ဘယ်လို အစီအစဥ် ဆွဲထားလဲဆိုတဲ့ အပေါ်မှာ မူတည်မှာ ကျနော့် အမြင်ကြီးနဲ့ ပြောလို့မရဘူး။ အဓိက,ကတော့ လက်ရှိ စည်းမျဥ်းစည်းကမ်း ချမှတ်ထားတာ ရေးဆွဲထားတာ အဲ့ဒီအပေါ်မှာပဲ အကုန်လုံး မူတည်ပါလိမ့်မယ်”ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများကြား နှစ်ဖက်စလုံးမှ စစ်မှုထမ်းရန် အတွက် လူငယ်လူရွယ်များအား ခေါ်ဆောင်ခြင်း၊ ဖမ်းဆီးခြင်းများ လုပ်ဆောင်နေကြပြီး ပြည်သူလူထုများ အနေ ဖြင့် စိုးရိမ်ပူပန်မှုများဖြင့် နေထိုင်နေရကြောင်း သုံးသပ်မှုများ ရှိနေကြသည်။
