CNI International News

နယူးယောက်၊ စက်တင်ဘာ ၂၄

ထိုင်ဝမ်အရေး တည်ငြိမ်စေမှု ထိန်းသိမ်းရန်မှာ လွန်စွာအရေးကြီးကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက စက်တင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့မှုအပေါ် အလွန်မှားယွင်းပြီး အန္တရာယ်များလှသည့် အချက်ပြမှုများ ပေးပို့ရာရောက်သည်ဟု တရုတ်က တုံ့ပြန်စွပ်စွဲလိုက်သည်ဟု ရိုက်တာသတင်းဌာနက ရေးသားဖော်ပြသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့၏ မိနစ် ၉၀ ကြာ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့မှုများသည် နယူးယောက်မြို့၊ ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အနားသတ် အဆုံးအဖြတ်များအတွက် အဓိကကျကြောင်း အမေရိကန်အစိုးရ အရာရှိတစ်ဦးက သတင်းထောက်များကို ပြောကြားခဲ့သည်။

“ကျနော်တို့အပိုင်းကတော့ ကျနော်တို့ဝန်ကြီးအနေနဲ့ ကျနော်တို့ရဲ့ နှစ်ပေါင်းများစွာ ရပ်တည်လာတဲ့ တရုတ် တနိုင်ငံတည်းမူဝါဒကို နောက်ထပ်တဖန် အပြောင်းအလဲမရှိပါဘူးလို့ ပြောခဲ့ပါတယ်။ ထိုင်ဝမ်ရေလက်ကြား တဝိုက် ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေး ထိန်းသိမ်းဖို့က မရှိမဖြစ်အရေးကြီးတယ်လို့ အတိအလင်းပြောခဲ့ပြီးပါပြီ” ဟု အမေရိကန်အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

အမေရိကန်သည် ထိုင်ဝမ်နှင့်ပတ်သက်၍ လွန်စွာမှားယွင်းပြီး အန္တရာယ်များသော အချက်ပြမှုများ ပေးပို့နေ ကြောင်း၊ ထိုင်ဝမ်၏လွတ်လပ်ရေး လှုပ်ရှားမှုများ ပိုမိုပြင်းထန်လာလေလေ … ငြိမ်းချမ်းစွာ ပြေလည်မှုရရှိရန် အလားအလာနည်းလေလေဖြစ်ကြောင်း ဝန်ကြီးနှစ်ဦး တွေ့ဆုံမှုတွင် တရုတ်က ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်နှင့် တရုတ်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ (၇၇)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် တွေ့ဆုံနှုတ်ဆက် ကြစဉ်(ဓါတ်ပုံ- ရိုက်တာ)

“ထိုင်ဝမ်ပြဿနာဟာ တရုတ်ပြည်တွင်းရေးဖြစ်ပါတယ်။ ဒါကို ဖြေရှင်းဖို့ ဘယ်နည်းလမ်းသုံးတယ်ပဲပြောပြော အမေရိကန် ဝင်ရောက်စွက်ဖက်ခွင့် မရှိပါဘူး” ဟု ဝမ်ယိ၏ပြောကြားချက်ကို ကိုးကားလျက် တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ဩဂုတ်လတွင် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ ထိုင်ဝမ်သို့ ရောက်ခဲ့ပြီးနောက် တရုတ်၏အကြီးစားစစ်ရေးလေ့ကျင့်မှုများ စတင်ခဲ့ပြီး ထိုင်ဝမ်အရေးကိစ္စ တင်းမာမှု တိုးလာခဲ့သည်။

ထို့ပြင် ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေသော ထိုင်ဝမ်ကျွန်းကို အကာအကွယ်ပေးမည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ကတိပြုခဲ့သည်။

ယနေ့အချိန်အထိ ဂျိုးဘိုင်ဒန်၏ ထိုသို့ ပြောကြားချက်မှာ ကျွန်းကို ကာကွယ်ရန်အတွက် အမေရိကန်တပ်များနှင့် ဆက်စပ်နေကြောင်း ရိုက်တာက ဆက်လက်ရေးသားသည်။

၎င်း၏ဆိုလိုရင်းသည် ကာလရှည်ကြာ တည်တံ့နေခဲ့သည့် တရုတ်အပေါ် အမေရိကန်၏မူဝါဒကို ကျော်လွန်သွား စေနိုင်သည့် နောက်ဆုံးသက်သေသာဓကတစ်ခုလည်း ဖြစ်သည်။

ထိုင်ဝမ်ကို ကာကွယ်ရန် အမေရိကန်က စစ်ရေးအရ တုံ့ပြန်မှာလားဆိုသည့် မေးခွန်းကို ယခုအထိ ရှင်းရှင်း လင်းလင်း မထုတ်ဖော်သေးပေ။

ထိုင်ဝမ်နှင့်ပတ်သက်၍ မူဝါဒ မပြောင်းလဲကြောင်း အိမ်ဖြူတော်က အခိုင်အမာပြောကြားထားသော်လည်း ဘိုင်ဒန်၏သဘောထားမှတ်ချက်များသည် ထိုင်ဝမ်လွတ်လပ်ရေးကြိုးပမ်းနေသူများအတွက် မှားယွင်းသည့် အချက်ပြမှုတစ်ခုဖြစ်ကြောင်း တရုတ်က တုံ့ပြန်ခဲ့သည်။

Source: Reuters