CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၅

ပြိုင်ဘက်များ၏ တပ်တွင်းကိုဖြိုခွဲနိုင်မှ တော်လှန်ရေး အောင်မြင်မည်ဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းဖုန်းဟန်က ပြောသည်။

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၄ ရက်နေ့သည် SSPP တည်ထောင်ခြင်း ၅၈ နှစ်ပြည့်ဖြစ်ကာ ယင်းနေ့ ထုတ်ပြန်ချက်တွင် မိဘပြည်သူနှင့် တပ်မတော် စည်းလုံးညီညွတ်ရေး၊ တပ်မှူးတပ်သားများ စည်းလုံးညီညွတ်ရေး၊ ပြိုင်ဘက်များကို စည်းရုံးနိုင်ရေး စသည့် အောင်ပွဲခံနိုင်ရေးများကိုလည်း အစဉ်တစိုက် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဗိုလ်မှူး စိုင်းဖုန်းဟန်က “ကျနော်တို့ တော်လှန်ရေးအောင်နိုင်ဖို့က ပါတီ၊ တပ်မတော်၊ တပ်ပေါင်းစု ရှိတယ်လေဗျာ၊ ဒီဟာက အဓိက အားဖြင့်တော့ Directions (လမ်းညွန်ချက်များ) ၃ လုံးပေါ့၊ ဒါလည်း လက်ကိုင်ထားပြီးမှ ကျနော်တို့ ပီပီပြင်ပြင် ကျင့် သုံးနိုင်မှ ဟိုဟာဖြစ်တယ်၊ နောက်တစ်ခုက ပြည်သူလူထုနဲ့ တော်လှန်ရေး အဖွဲ့အစည်း ကျနော်တို့ တပ်မတော်ပေါ့လေ၊ စည်း လုံး ညီညွတ်ဖို့လိုတယ်၊ နောက်ပြီးတော့ ကျနော်တို့ တပ်မှူး၊ တပ်သားတွေ စည်းလုံးဖို့လိုတယ်၊ ပြီးတော့ အဓိက အားဖြင့် တော့ ရန်သူရဲ့ တပ်တွင်း ဖြိုခွဲနိုင်ရေးပေါ့လေ၊ ဒါက အဓိကကျတယ်၊ ဒီဟာကို လုပ်နိုင်မှ ကျနော်တို့ တော်လှန်ရေးရဲ့ အဓိက ရည်မှန်းချက်ကို ကျနော်တို့ ရောက်နိုင်မှာ ဖြစ်တယ်၊ အဓိက ဒီဟာကို ဆိုလိုတာ ဖြစ်တယ်ဗျ၊ ဒါပေမဲ့ ကျနော်တို့က အမျိုးသား ညီညွတ်ရေးကို ရည်ညွန်းသောအားဖြင့် ရန်သူလို့ သုံးမယ်ဆို သိပ်အဆင်မပြေဘူးလေ၊ အဲဒါကြောင့်မို့ ကျနော်တို့က ပြိုင်ဘက် ကို စည်းရုံးနိုင်ဖို့က၊ ဖြိုခွဲစည်းရုံးနိုင်ဖို့က လိုတယ်ဆိုတဲ့ဟာ ကျနော်တို့ ရည်ညွန်းတာ ဖြစ်တယ်ဗျ”ဟု ပြောသည်။

SSPP ခေါင်းဆောင်များကိုတွေ့ရစဉ်

SSPP သည် ပြည်သူအတွင်းမှ ပေါက်ဖွားလာသည့် တပ်မတော် ဖြစ်သည့်အလျောက် ပြည်သူများ၏ အကျိုးစီးပွား ကာကွယ် ရန်နှင့် အလုပ်အကျွေးပြုရမည့် တာဝန်ရှိကြောင်း ဆိုသည်။

ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) မှ ဗိုလ်ကြီးအဆင့်ရှိသူ နှစ်ဦး SSPP ထံ လာရောက် ခိုလှုံခဲ့ကြောင်း သိရသည်။ ထို့အပြင် RCSS မှ တပ်ဖွဲ့ဝင် ၃၀၀ ကျော် SSPP ထံ လာရောက် ပူးပေါင်းခဲ့ကြောင်း သတင်းမီဒီယာများတွင် ရေးသားဖော်ပြခဲ့ကြသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ SSPP မှ သွားရောက်စည်းရုံးခြင်း မဟုတ်ကြောင်း၊ ၎င်းတို့၏ သဘောထားအတိုင်း လာရောက် ပူးပေါင်းခြင်းဖြစ်ကြောင်း ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောသည်။

SSPP တပ်ဖွဲ့ကိုတွေ့ရစဉ်

ဗိုလ်မှူး စိုင်းဖုန်းဟန်က “လောလောဆယ်တော့ ကျနော်တို့ ထုတ်ပြန်ကြေညာချက် ထုတ်ပြန်ထားတဲ့ အတိုင်းပါပဲ၊ ဘယ်လို ပြောပြော တော်လှန်ရေး တစ်ရပ်အနေနဲ့ လုပ်ရမယ် ဆိုလို့ရှိရင်တော့ ဒီဟာတွေက အဓိက လိုအပ်ချက်တွေ ဖြစ်တယ်၊ ဒီဟာ ကို အကောင်အထည်ဖော်မှပဲ ကျနော်တို့ ရည်မှန်းထားတဲ့ ရည်မှန်းချက်ကို ရောက်နိုင်မှာ ဖြစ်တဲ့အတွက်မို့လို့ ကျနော်တို့ အကောင်အထည်ဖော်ဖို့ လိုပါတယ်၊ ပြီးတော့ ပိုပြီးတော့ ကျစ်လစ်အောင်လုပ်ဖို့ လိုပါတယ်ဆိုတဲ့ဟာလေ၊ ကျနော်တို့ ထုတ် ပြန် ကြေညာချက်ထားတဲ့အတိုင်း ရှင်းရှင်းလင်းလင်း၊ တိတိကျကျ ရှိပြီးသား ဖြစ်တယ်ဗျ” ဟု ပြောသည်။

မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်၏ မဟာဒေဝီ စဝ်မယ်နန်းဟိန်းခမ်းက ၁၉၆၄ ခုနှစ်၊ ဧပြီ ၂၄ ရက်တွင် ရှမ်းပြည်တပ်မတော်(SSA)ကို စတင် တည်ထောင်ခဲ့ပြီးနောက် ၁၉၇၁ ခုနှစ်၌ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) အား တည်ထောင်ခဲ့သည်။

ထို့နောက် ၁၉၈၉ ခုနှစ်တွင် တပ်မတော်နှင့် ငြိမ်းချမ်းရေး ရယူခဲ့သလို ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်က ပြည်နယ်/ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(Bilateral) လက်မှတ်ရေး ထိုးထား သည်။