CNI International News

ဆမ်ဆာဗေးဒေါ၊ ဧပြီ ၂၅

အမေရိကတိုက် အလယ်ပိုင်းရှိ အယ်ဆာဗေးဒေါနိုင်ငံတွင် ဒုစရိုက်ဂိုဏ်းများ ဆန့်ကျင်ရေးအတွက် တိုင်းပြည်သို့ အရေးပေါ် အခြေအနေ ကြေညာထားသည့် အမိန့်ကို နောက်ထပ် ရက်ပေါင်း ၃၀ သက်တမ်းတိုးပေးရန် သမ္မတ နာယစ်ဘူကလေ (Nayib Bukele)၏ အဆိုကို လွှတ်တော်အတွင်း ဧပြီ ၂၄ ရက်၌ မဲခွဲဆုံးဖြတ်ခဲ့ကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

အဆိုပါအစီအမံကို ဘူကလေ၏ ပါတီက အမတ် ၈၄ နေရာ အများစုရရှိထားသည့် လွှတ်တော်အတွင်း၌ ၆၇ မဲဖြင့် အတည်ပြု ခဲ့သည်။

ပြီးခဲ့သည့် မတ်လအတွင်း လူသတ်မှုများ ဆက်တိုက် ဖြစ်ပွားပြီးနောက် သံသယရှိသူ ဒုစရိုက်ဂိုဏ်းဝင် ၁၆,၀၀၀ ကို စုစည်း ထိန်းချုပ်နိုင်ရန်အတွက် သမ္မတ ဘူကလေက အရေးပေါ် အခြေအနေ ကြေညာသည့် အခွင့်အာဏာကို အသုံးပြုခဲ့သည်။

အဆိုပါ အရေးပေါ် ကြေညာချက်အရ လူတစ်ဦးစီ၏ အသွင်အပြင် (သို့မဟုတ်) နေထိုင်ရာဒေသတို့အပေါ် အခြေခံသလို မကြာခဏ ထင်သလို ဖမ်းဆီးမှုများ ပေါ်ပေါက်ခဲ့ကြောင်း လူ့အခွင့်အရေး အုပ်စုများက ဝေဖန်ခဲ့ကြသည်။

မတ်လအကုန်ပိုင်းတွင် အတည်ပြုခဲ့သော ရက် ၃၀ အရေးပေါ် အခြေအနေ ကြေညာချက်အရ နိုင်ငံသားများ၏ မူလ အခွင့် အရေးများဖြစ်သော စုဝေးခွင့်၊ သတင်းပေးခွင့်နှင့် ရှေ့နေတစ်ဦးထံသို့ ဝင်ရောက် တွေ့ဆုံခွင့်တို့ကို ကန့်သတ်ထားသည်။ ထို့ ပြင် လူတစ်ဦးတစ်ယောက်ကို တရားရုံး အမိန့်မပါဘဲ ၁၅ ရက်အထိ အချုပ်ကာလ တိုးမြှင့်နိုင်သေးသည်။

အယ်ဆာဗေးဒေါနိုင်ငံ အကျဉ်းထောင်ထဲက ဒုစရိုက်ဂိုဏ်းသားများ(AFP)

ယခုနှစ် မတ်လတွင် ရက်သတ္တပတ်အတွင်း လူသတ်မှု ၆၂ မှုအထိ ထူပြောလာသဖြင့် လူဦးရေ ၆ ဒသမ ၅ သန်းရှိသည့် အယ်ဆာဗေးဒေါနိုင်ငံတွင် ယခင်နှစ်များက မကြုံခဲ့ဖူးသော အကြမ်းဖက်မှုအဆင့် သတ်မှတ်ချက် ဖြစ်လာခဲ့သည်။

ဘူကလေသည် တခြား အစီအမံ အများအပြားကိုလည်း ချမှတ်ခဲ့ရာ ပြစ်ဒဏ်များကို တိုးမြှင့်သတ်မှတ်ခြင်းနှင့် ရာဇဝတ်မှု ကျူးလွန်နိုင်သော အရွယ်ကို အသက် ၁၂ နှစ်အထိ လျော့ချခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။

ဒုစရိုက်ဂိုဏ်းများထံမှ သတင်းစာသား(မတ်ဆေ့ချ်များ) ပြန်လည်ဖြန့်ဝေခြင်းအတွက် ပြစ်ဒဏ်ကို ထောင် ၁၀ နှစ်မှ ၁၅ နှစ် အထိ ကျခံစေရန် အယ်ဆာဗေးဒေါ လွှတ်တော်က စီရင်ပိုင်ခွင့်အာဏာ ပေးအပ်ခဲ့သည်။

အယ်ဆာဗေးဒို အကျဉ်းထောင်များတွင် ဖမ်းဆီးထိန်းသိမ်းခံရ‌သော ဒုစရိုက်ဂိုဏ်းသားများကို အစာရိက္ခာ လျှော့ချခြင်း၊ မွေ့ယာများ မပေးခြင်းနှင့် ခြေ၊လက်များအား တုပ်နှောင်ထားခြင်းတို့ ပြုလုပ်ခဲ့သည်။

အယ်ဆာဗေးဒေါနိုင်ငံ အကျဉ်းထောင်ထဲက ဒုစရိုက်ဂိုဏ်းသားများ(AFP)

နာမည်ဆိုးဖြင့် ကျော်ကြားသော ဒုစရိုက်ဂိုဏ်များကို ပစ်မှတ်ထား စီးနင်းဖမ်းဆီးမှုများ၌ အပြစ်မဲ့သူများပါ ဖမ်းဆီးခံရမည်ကို စိုးရိမ်မိကြောင်း လူ့အခွင့်အရေး အုပ်စုများက ပြောကြသည်။

လတ်တလော အခြေအနေတွင် ဒုစရိုက်ဂိုဏ်းများက ရက်စက်ကြမ်းကြုတ်မှုနှင့် အကြောက်တရားတို့ကို အသုံးချကာ နယ်မြေ အများအပြားကို ထိန်းချုပ်ထားသည်။

အဆိုပါ ဂိုဏ်းများသည် အယ်ဆာဗေးဒေါ နိုင်ငံအတွင်းရှိ အဆင်းရဲဆုံး လူနေရပ်ကွက်များထဲတွင် အဆိုးရွားဆုံး သောင်းကျန်း ကြပြီး အနိမ့်ဆုံး ဝင်ငွေရှိသူများကိုပင် ငွေညှစ်ကြသည်။

Source: AP