CNI International News

ကိယက်ဗ်၊ ဧပြီ ၂၅

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်နှင့် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်တို့သည် ရုရှား၏ထိုးစစ်ကို ရင်ဆိုင်နေရသော ယူကရိန်းနိုင်ငံသို့ နောက်ထပ် စစ်ရေးအသုံးစရိတ်နှင့် သံတမန်ရေးရာ အထောက်အပံ့များ ထပ်မံ ပေးအပ် သွားမည်ဟု ၎င်းတို့၏ ကိယက်ဗ် ခရီးစဉ်အတွင်း ကတိပြုခဲ့ကြသည်။

လုံခြုံရေး စိုးရိမ်မှုများကြောင့် ဝါရှင်တန်၏ ထိပ်တန်းသံတမန်၊ ကာကွယ်ရေးဝန်ကြီးတို့နှင့်အတူ လိုက်ပါလာသည့် သတင်း ထောက်များကို ယူကရိန်းမှ မထွက်ခွာမချင်း သတင်းထုတ်ပြန်ခြင်း မပြုကြရန် တားမြစ်ခဲ့သည်။

သမ္မတ ဇာလန်းစကီးက ၎င်းတို့နှစ်ဦး၏ ခရီးစဉ်ကို ဧပြီ ၂၃ ရက် သတင်းစာ ရှင်းလင်းပွဲ၌ ကြေညာခဲ့သော်လည်း အမေရိကန် ကတော့ ဧပြီ ၂၅ ရက်ကျမှသာ သတင်း အတည်ပြုခဲ့သည်။

“ယူကရိန်းအစိုးရနဲ့ ပြည်သူတွေအတွက် ကျနော်တို့ရဲ့ခိုင်မာတဲ့ ပံ့ပိုးကူညီမှုတွေကို တိုက်ရိုက်ပြသခွင့် ရခဲ့ပါတယ်” ဟု ယူကရိန်းမှ ပိုလန်နိုင်ငံထဲသို့ ဖြတ်ကျော် ဝင်ရောက်ပြီးနောက် ဘလင်ကင်က သတင်းထောက်များကို ပြောကြားခဲ့သည်။

ရုရှားကို တိုက်ခိုက်ရာတွင် ယူကရိန်း အနိုင်ရသည့်အထိ ကူညီသွားရန် အမေရိကန်က စိတ်ပိုင်းဖြတ်ထားကြောင်း လွိုက်အော်စတင်က ပြောကြားခဲ့သည်။

ယူကရိန်းစစ်ပွဲအတွင်းက ယူကရိန်းတပ်ဖွဲ့၀င်များ

ဘလင်ကင်နှင့် အော်စတင်တို့သည် စစ်ရေးအကူအညီအသစ် ဒေါ်လာ ၃၂၂ သန်းကျော် ထပ်မံပေးအပ်မည်ဟု ယူကရိန်း သမ္မတ ဇာလန်းစကီးကို ပြောကြားခဲ့ကြောင်း သတင်းဌာနများက ဖော်ပြသည်။ ထို့ပြင် ဝါရှင်တန်မှ ယူကရိန်းသို့ ဒေါ်လာ ၁၆၅ သန်းတန်ဖိုး စံချိန်သတ်မှတ်ထားခြင်းမရှိသော ခဲယမ်းမီးကျောက်များလည်း ရောင်းချပေးမည်ဟု သိရသည်။

“အဲဒီ အကူအညီတွေဟာ ယူကရိန်းရဲ့လိုအပ်ချက် … အထူးသဖြင့် ဒွန်ဘတ်စ် ဒေသတိုက်ပွဲတွေမှာ ခုခံနိုင်စွမ်းရှိအောင် အထောက်အကူ ပြုပါလိမ့်မယ်” ဟု အမေရိကန်တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြ ထားသည်။

“ဒီအကူအညီတွေဟာ ယူကရိန်း လက်နက်ကိုင်တပ်ဖွဲ့တွေကို ပိုအဆင်မြင့်တဲ့ လက်နက်တွေနဲ့ လေကြောင်းရန် ကာကွယ်ရေး စနစ်တွေဆီ ကူးပြောင်းသုံးစွဲရာမှာ နေတိုးနိုင်ငံတွေရဲ့ စစ်ရေးစွမ်းရည်တွေလိုမျိုး တောင့်တင်းလာစေမှာပါ”ဟု ၎င်းက ဆက် လက် ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတ ဇာလန်းစကီး၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတို့ကိုတွေ့ရစဉ်

ယူကရိန်းအနောက်ပိုင်း လိုဗစ်မြို့သို့ အမေရိကန်သံတမန်များ ပြန်လည်ရောက်ရှိ လာမည်ဖြစ်ကြောင်း၊ သံရုံးကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်ဖွင့်ရန် စီစဉ်နေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ အာရ်တီသတင်းဌာနက ရေးသားဖော်ပြသည်။

လက်ရှိတွင် ဆလိုဗက်ကီးယားနိုင်ငံ၌ အမေရိကန်သံအမတ်အဖြစ် တာဝန်ထမ်းဆောင်နေသော ဂရစ်ဂက်ဘရင့်ကို ကိယက်ဗ် မြို့တော်တွင်လည်း သံအမတ်အဖြစ် ပူးတွဲထမ်းဆောင်စေရန် အိမ်ဖြူတော်က အဆိုပြုသွားမည်ဟု သိရသည်။ အမေရိကန် သည် ၂၀၁၉ ခုနှစ်နောက်ပိုင်း ယူကရိန်းတွင် ၎င်း၏သံအမတ်ကို အတည်ပြုထားရှိခြင်း မပြုခဲ့ပေ။

အမေရိကန်နှင့် ၎င်း၏ နေတိုးမဟာမိတ်များသည် တင့်ကားဖျက်စနစ်နှင့် လေယာဉ်ပစ် ဒုံးကျည်စနစ်များ အပါအဝင် သံချပ် ကာယာဉ်နှင့် ဟောင်ဝစ်ဇာ အမြောက်များကိုပါ ယူကရိန်းသို့ ထောက်ပံ့ပေးနေသည်။

Source: အာရ်တီသတင်းဌာန