CNI International News

ကိယက်ဗ်၊ ဒီဇင်ဘာ ၃၁

ယူကရိန်းနိုင်ငံအတွက် ၁၅ နှစ်သက်တမ်းရှိ လုံခြုံရေး အာမခံချက်များကို ငြိမ်းချမ်းရေး အစီအစဉ်၏ တစ်စိတ် တစ်ပိုင်းအနေဖြင့် အမေရိကန်က ကမ်းလှမ်းခဲ့ကြောင်း ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskyy) က ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

သို့သော် ရုရှားက ယူကရိန်း၏ နယ်မြေများကို နောက်တစ်ကြိမ် အင်အားသုံး သိမ်းယူရန် ကြိုးပမ်းခြင်းမှ ဟန့်တား နိုင်ရန်အတွက် အမေရိကန်ထံမှ နှစ်ပေါင်း ၅၀ ကြာ သက်တမ်းကြာမြင့်မည့် လုံခြုံရေးအာမခံချက်ကို ရရှိလို ကြောင်း ၎င်းက ဆိုသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ဒီဇင်ဘာ ၂၈ ရက်က ဖလော်ရီဒါ (Florida) ရှိ ၎င်း၏ စံအိမ်တွင် ဇာလန်းစကီးကို လက်ခံတွေ့ဆုံခဲ့ပြီး ယူကရိန်းနှင့် ရုရှားတို့သည် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိ ရန် ယခင်ကထက် ပိုမိုနီးစပ်နေပြီဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

သို့သော်လည်း စေ့စပ်ဆွေးနွေးသူများကြား အဓိကကျသော ပြဿနာရပ်များတွင် သဘောတူညီမှုရရှိရန် ကြိုးပမ်း နေရဆဲဖြစ်သည်။

သဘောတူညီမှုရရှိရန် ခက်ခဲနေသည့် အချက်များမှာ ရုရှားနှင့် ယူကရိန်းတပ်ဖွဲ့များ ဆုတ်ခွာပေးရမည့် နေရာများ၊ ရုရှားက သိမ်းပိုက်ထားသည့် ကမ္ဘာ့အကြီးဆုံး နျူကလီးယား စက်ရုံများထဲတွင် တစ်ခု အပါအဝင် ဖြစ်သည့် ဇာပိုရီရှား (Zaporizhzhia) နျူကလီးယားစက်ရုံ၏ အနာဂတ် အခြေအနေတို့လည်း ပါဝင်နေသည်။

ယူကရိန်းသမ္မတ ဇာလန်းစကီးကို တွေ့ရစဉ်

ထို့ကြောင့် အမေရိကန်က ဦးဆောင်ပြီး လပေါင်းများစွာကြာအောင် ပြုလုပ်နေသည့် ထိုစေ့စပ် ဆွေးနွေးမှုများ သည် အချိန်မရွေး ပျက်ပြားသွားနိုင်ကြောင်းလည်း ထရမ့်က သတိပေးခဲ့သည်။

“လုံခြုံရေး အာမခံချက်တွေ မရှိဘဲနဲ့တော့ ဒီစစ်ပွဲက တကယ်တမ်းမှာ အဆုံးသတ်သွားမှာ မဟုတ်ဘူး” ဟု ဇာလန်းစကီးက ပြောဆိုခဲ့သည်။

ရုရှားက ယူကရိန်း၏ ခရိုင်းမီးယား (Crimea) ဒေသကို သိမ်းပိုက်ခဲ့သည့် ၂၀၁၄ ခုနှစ်ကတည်းက ရုရှား၏ ကျောထောက်နောက်ခံကို ရရှိထားသည့် ခွဲထွက်ရေးဝါဒီများက ယူကရိန်းအရှေ့ပိုင်းရှိ အရေးပါသော စက်မှုဇုန် ဖြစ်သော ဒွန်ဘတ်စ် (Donbas) ဒေသတွင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

လုံခြုံရေး အာမခံချက်များနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို လူသိရှင်ကြား ထုတ်ပြန်ခြင်း မရှိသေးသော်လည်း ထိုအာမခံချက်များတွင် ငြိမ်းချမ်းရေး သဘောတူညီချက်အား မည်ကဲ့သို့ စောင့်ကြည့် စစ်ဆေးမည် ဆိုသည့်အချက်နှင့် မဟာမိတ်နိုင်ငံများ၏ အခန်းကဏ္ဍများ ပါဝင်ကြောင်း ဇာလန်းစကီးက ပြောကြားခဲ့သည်။

အသေးစိတ် အချက်အလက်များ ထွက်ပေါ်လာခြင်း မရှိသော်လည်း ရုရှားဘက်ကမူ နေတိုး (NATO) အဖွဲ့ဝင်နိုင်ငံ များမှ တပ်ဖွဲ့ဝင်များကို ယူကရိန်းမြေပေါ်တွင် ဖြန့်ကြက်ချထားခြင်းကို လက်ခံမည် မဟုတ်ကြောင်း အခိုင်အမာ ပြောဆိုထားသည်။

Source: အေပီ