CNI International News
ဂျေရုဆလင်၊ ဩဂုတ် ၁၁
ဂါဇာကမ်းမြောင်ဒေသ၏ ဂါဇာစီးတီးမြို့ကို ထိန်းချုပ်မည့် အစ္စရေး၏ အစီအစဉ်ကို အာရပ်နှင့် မွတ်ဆလင် နိုင်ငံများက ဝေဖန်ရှုတ်ချ၍ ဆန့်ကျင်ခဲ့ကြသည်ဟု DW သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
ထိုအစီအစဉ်သည် အန္တရာယ်များကို မြင့်တက်စေကြောင်း၊ နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း ဖြစ်သည်ဟု အီဂျစ်၊ ဆော်ဒီ၊ တူရကီ အပါအဝင် နိုင်ငံပေါင်း ၂၀ က ပြောကြားခဲ့သည်။
ထိုနိုင်ငံများ၏ ပူးတွဲထုတ်ပြန်ချက်တွင် အစ္စရေးသည် နိုင်ငံတကာ တရားဝင်မှုကို ချိုးဖောက်ပြီး ယခင်ကတည်းက သိမ်းပိုက်ထားပြီဖြစ်သည့် ဂါဇာဒေသ၏ နယ်နိမိတ်များကို ထိန်းချုပ်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း စွပ်စွဲခဲ့ သည်။
တူရကီနိုင်ငံခြားရေးဝန်ကြီး ဟက်ကန် ဖီဒန် (Hakan Fidan) ကလည်း အီဂျစ်တွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး နောက် မွတ်ဆလင် နိုင်ငံများအနေဖြင့် အစ္စရေး၏ အစီအစဉ်ကို ဆန့်ကျင်ရာတွင် စည်းလုံးညီညွတ်စွာ ရှိသင့် ကြောင်း ပြောကြားခဲ့သည်။
ပါလက်စတိုင်းအလံကို တွေ့ရစဉ်
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (Benjamin Netanyahu) သည် ဂါဇာစီးတီးကို အစ္စရေးစစ်တပ်က ထိန်းချုပ် ရေး အဆိုပြုချက်ကို ဩဂုတ် ၇ ရက်က အစ္စရေး၏ အမျိုးသားလုံခြုံရေးကော်မတီ (NSAC)ကို တင်သွင်းခဲ့ခြင်း ဖြစ်သည်။
NSAC က ထိုအဆိုပြုချက်နှင့်ပတ်သက်ပြီး အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် ဩဂုတ် ၈ ရက် နံနက်ပိုင်းတွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။
နေတန်ယာဟု၏ အစီအစဉ်အရ ဂါဇာစီးတီးမြို့ကို ဟားမာ့စ်အဖွဲ့ သို့မဟုတ် ပါလက်စတိုင်း အာဏာပိုင်အဖွဲ့၏ အုပ်ချုပ်မှုအောက်တွင် ထားရှိမည် မဟုတ်ဘဲ မြို့ပြအုပ်ချုပ်ရေးအဖွဲ့ဖွဲ့ကာ အုပ်ချုပ်ရမည်ဖြစ်သည်။
ဟားမာ့စ်အဖွဲ့ကမူ အစ္စရေး၏ လက်ရှိ အစီအစဉ်များကို ငြင်းပယ်ခဲ့ပြီး ဂါဇာဒေသခံများသည် အစ္စရေး၏ သိမ်းပိုက်မှု အစီအစဉ်အား ဖီဆန်ကြလိမ့်မည်ဟု ပြောကြားခဲ့သည်။
Source: DW