CNI International News
ဝါရှင်တန်၊ ဩဂုတ် ၁၁
ဩဂုတ် ၈ ရက်က အမေရိကန်သမ္မတ အိမ်ဖြူတော်တွင် သမ္မတဒေါ်နယ်ထရမ့် (Donald Trump) ၏ ကြားဝင် စေ့စပ်မှုဖြင့် အဇာဘိုင်ဂျန်နှင့် အာမေးနီးယားတို့သည် ၃၅ နှစ်ကြား ဖြစ်ပွားနေသည့် ပဋိပက္ခကို အဆုံးသတ်ရန် အတွက် ငြိမ်းချမ်းရေးယူဖို့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
ထိုသဘောတူညီချက်ကို အဇာဘိုင်ဂျန်သမ္မတ အီလ်ဟမ် အလီယက်ဗ် (Ilham Aliyev) နှင့် အာမေးနီးယား ဝန်ကြီးချုပ် နီကိုးလ် ပါရှင်ယန် (Nikol Pashinyan) တို့က လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။
ထိုသဘောတူညီချက်ကြောင့် ထရမ့်သည် ရုရှား၊ အီရန်နှင့် တရုတ်တို့အတွက် မဟာဗျူဟာမြောက် ဒေသဖြစ်သည့် တောင်ကော့ကေးဆပ် (South Caucasus) ဒေသ၏ ဗဟိုချက်ကို အမေရိကန် ဝင်ရောက်လာစေရန် လမ်းပွင့်သွား စေခဲ့သည်။
ထိုသဘောတူညီချက်သည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် ထရမ့် လမ်းကြောင်း (TRIPP)အမည်ရှိ စင်္ကြံလမ်း ဖော်ဆောင်ရေးကို အခြေပြုထားခြင်းဖြစ်သည်။
ထိုမဟာဗျူဟာမြောက် စင်္ကြံသည် အာမေးနီးယားမှဖြတ်ပြီး အဇာဘိုင်ဂျန် ပင်မကုန်းမြေသို့ ဆက်သွယ်ထားသည့် လမ်းကြောင်းဖြစ်ပြီး အမေရိကန်က အခြေခံ အဆောက်အအုံ ကုမ္ပဏီများအတွက် ဖွံ့ဖြိုးတိုးတက်မှု မူပိုင်ခွင့်ကို တစ်ဦးတည်း လုပ်ပိုင်ခွင့်ရရှိခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ အဇာဘိုင်ဂျန်သမ္မတ အီလ်ဟမ် အလီယက်ဗ်၊ အာမေးနီးယား ဝန်ကြီးချုပ် နီကိုးလ် ပါရှင်ယန်တို့ ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုးသည်ကို တွေ့ရစဉ်
ထို့ပြင် ထိုသဘောတူညီချက်ကို အစဉ်အလာအရ ဒေသတွင်း အဓိကနိုင်ငံများဖြစ်သည့် ရုရှား၊ အီရန်နှင့် တရုတ် တို့ကို ဘေးချိန်ထားခဲ့သဖြင့် တောင်ကော့ကေးဆပ်ဒေသတွင် ထိုနိုင်ငံများ၏ ဩဇာလွှမ်းမိုးမှုကို လျှော့ချရာ ရောက်ခဲ့သည်။
အဇာဘိုင်ဂျန်၏ မဟာမိတ်ဖြစ်သည့် တူရကီနိုင်ငံကမူ ၎င်း၏ စီးပွားရေး အလားအလာအတွက် ထိုစင်္ကြံလမ်း ဖော်ဆောင်မှုကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။
သို့သော် အီရန်ကမူ ထိုစင်္ကြံလမ်း အစီအစဉ်ကို ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။ ထိုအစီအစဉ်သည် ဒေသတွင်း တည်ငြိမ်မှုကို ပျက်ယွင်းစေကာ ဥရောပနှင့် အီရန်ကြား ဆက်ဆံရေးကို ကန့်သတ်ရာရောက်ကြောင်း ပြောကြား ခဲ့သည်။
ထို့ပြင် ထိုစင်္ကြံလမ်းသည် တရုတ်၏ ပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) အတွက်လည်း ဒေသဖြတ်ကျော် ဆက်သွယ်မှုကဏ္ဍကို တိုက်ရိုက် စိန်ခေါ်လာနိုင်သည်ဟုလည်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: Nikkei Asia