CNI International News
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၉
ဧပြီလအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ တရုတ်သို့ သွားရောက်မည့် ခရီးစဉ် မတိုင်မီ Quad အစည်းအဝေးကို ကျင်းပရန် အမေရိကန်၏ ပါတီနှစ်ရပ်စလုံးမှ လွှတ်တော်အမတ်များနှင့် အမျိုးသားလုံခြုံရေးကျွမ်းကျင်သူများက တိုက်တွန်းနေကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
အင်ဒို-ပစိဖိတ်ဒေသတွင်းရှိ ဒီမိုကရေစီနိုင်ငံများကြား စည်းလုံးညီညွတ်သော ရပ်တည်ချက်တစ်ခုကို ပြသရန်၊ တရုတ်နှင့် ပြုလုပ်မည့် ဆွေးနွေးပွဲများတွင် ဖြစ်ပေါ်လာနိုင်သည့် နားလည်မှု လွဲမှားမှုများအား ကြိုတင်ကာကွယ် ရန် ရည်ရွယ်ပြီး ထိုကဲ့သို့ တိုက်တွန်းနေကြခြင်းဖြစ်သည်။
Quad အဖွဲ့သည် အမေရိကန်၊ ဩစတြေးလျ၊ အိန္ဒိယနှင့် ဂျပန်တို့ ပါဝင်သည့် အလွတ်သဘော ဖွဲ့စည်းထားသော အုပ်စုဖြစ်ပြီး ဒေသတွင်း တရုတ်၏ ဩဇာလွှမ်းမိုးမှုကို တန်ပြန်မည့် အင်အားစုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံ ထားရသည့် အုပ်စုဖြစ်သည်။
“တရုတ်နိုင်ငံဆိုင်ရာ မူဝါဒနဲ့ ပတ်သက်ပြီး နားလည်မှုလွဲမှားတာ ဒါမှမဟုတ် မူဝါဒချင်း ထပ်တူမကျတာမျိုးတွေ ဖြစ်လာနိုင်တဲ့ အလားအလာ ရှိနေပါတယ်”ဟု ဝါရှင်တန်အခြေစိုက် Center for a New American Security အမည်ရှိ ကျွမ်းကျင်ပညာရှင်များအဖွဲ့၏ သုတေသီ လင်ဆေးဖို့ဒ် (Lindsey Ford) က ဖေဖော်ဝါရီ ၁၇ ရက်တွင် အမေရိကန်-တရုတ် စီးပွားရေးနှင့် လုံခြုံရေး ပြန်လည်သုံးသပ်ရေးကော်မရှင် (USCC) ကို ပြောကြားခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ကို တွေ့ရစဉ်
USCC သည် အမေရိကန်လွှတ်တော်ကို အကြံပြုချက်များ ပေးရသည့် ကော်မရှင်ဖြစ်သည်။
အမေရိကန် မူဝါဒ ချမှတ်ရေးဆွဲသူများ အနေဖြင့် အိန္ဒိယနှင့် အဆင့်မြင့် ဆွေးနွေးမှုများကို ဦးစားပေး လုပ်ဆောင် သင့်ကြောင်းလည်း ယခင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) လက်ထက်က တောင်အာရှရေးရာမူဝါဒ အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဖို့ဒ်က ပြောကြားခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံဆိုင်ရာ မူဝါဒနှင့် ပတ်သက်ပြီး အိန္ဒိယနှင့် ပိုမိုကောင်းမွန်စွာ ပူးပေါင်းညှိနှိုင်းသင့်ကြောင်း ဖို့ဒ်က ပြောကြားခဲ့သည်။
ဝါရှင်တန်ရှိ ထင်ရှားသော ပြည်သူ့မူဝါဒရေးရာအဖွဲ့ တစ်ခုဖြစ်သည့် Brookings Institution မှ အကြီးတန်း သုတေသနအဖွဲ့ဝင် တန်ဗီမာဒန် (Tanvi Madan) ကလည်း ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ အရေးကြီးသည့် ထိပ်သီး အစည်းအဝေးများ မတိုင်မီ ကြိုတင်ညှိနှိုင်း ဆောင်ရွက်နိုင်ရန် နှစ်နိုင်ငံဆွေးနွေးမှုများ သို့မဟုတ် Quad အဖွဲ့ဝင်များကြား ဆွေးနွေးမှုများ ပြုလုပ်သင့်သည်ဟု ပြောကြားခဲ့သည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ အမေရိကန်သမ္မတ ထရမ့်ကို တွေ့ရစဉ်
လုံခြုံရေး၊ စီးပွားရေးနှင့် နည်းပညာ နယ်ပယ်များတွင် Quad အဖွဲ့၏ လှုပ်ရှားမှုများကို အရေအတွက်အရရော၊ အရည်အသွေးအရပါ အရှိန်မြှင့်တင်ရန် မာဒန်က တိုက်တွန်းခဲ့သည်။
ထို့ပြင် Quad အဖွဲ့သည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာတွင် တရုတ်၏ အသာစီးရမှုများကို တန်ပြန်ချိန်ညှိရန် ရည်ရွယ်ထားသည့် အစုအဖွဲ့ဖြစ်သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
Source: South China Morning Post
