CNI International News

ဝါရှင်တန်၊ မတ်လ ၁၉

ဟော်မုဇ်ရေလက်ကြားအား ပြန်ဖွင့်ရာတွင် ကူညီပေးရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ တောင်းဆိုချက်ကို တရုတ်က လျစ်လျူရှုလိမ့်မည်ဟု အေပီမှ ဖော်ပြခဲ့သည်။

သို့သော် အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ထရမ့်၏ တရုတ်သို့ လာရောက်မည့် ခရီးစဉ် နှောင့်နှေးကြန့်ကြာမည့် အခြေအနေကို တရုတ်က ဝမ်းသာနေဖွယ်ရှိသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် အမေရိကန်သည် အရှေ့အလယ်ပိုင်း စစ်ပွဲတွင် မတိုးသာ၊ မဆုတ်သာ အခြေအနေနှင့် ရင်ဆိုင်နေရမည့် အရေးကို တရုတ်က လိုလားနေသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားသည်။

ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့နေသဖြင့် ရေနံများ သယ်ယူပို့ဆောင်မှု ရပ်တန့်နေခြင်းကြောင့် လက်ရှိတွင် ထရမ့်၏ အီရန်အပေါ် ဆင်နွှဲသည့် စစ်ပွဲသည် ဖိအားများနှင့် ပိုမိုင်ဆိုင်လာရသည်။

ထရမ့်ကမူ ဟော်မုဇ်ရေလက်ကြားအား ဘေးကင်းလုံခြုံစေရန်နှင့် ပြန်လည်ဖွင့်လှစ်နိုင်စေရန် မဟာမိတ်နိုင်ငံ များကို အကူအညီ တောင်းခံခဲ့သော်လည်း မဟာမိတ်နိုင်ငံများက တုန့်ပြန်ခဲ့ခြင်းမရှိပေ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

ထိုအချက်က အမေရိကန်၏ အကြီးမားဆုံး ပထဝီနိုင်ငံရေး ပြိုင်ဘက်ဖြစ်သည့် တရုတ်အတွက် အမြတ်ထွက်စေခဲ့ သည်ဟု ကျွမ်းကျင်သူအချို့က သုံးသပ်ခဲ့သည်။

“တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) နဲ့ တွေ့ဆုံဖို့အတွက် တရုတ်ခရီးစဉ်ကို ရွှေ့ဆိုင်းဖို့ ထရမ့်က တောင်းဆိုခဲ့ ပါတယ်။ ဒါဟာ ထရမ့် အနေနဲ့ Operation Epic Fury စစ်ဆင်ရေးရဲ့ နောက်ဆက်တွဲ ရလဒ်တွေကို လျှော့တွက်ခဲ့ တယ်ဆိုတာကို အထင်အရှား ပြသနေပါတယ်”ဟု International Crisis Group မှ အမေရိကန်-တရုတ် ဆက်ဆံ ရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် အလီ ဝိုင်း (Ali Wyne) က ပြောကြားခဲ့သည်။

“အမေရိကန်က တရုတ်ကို ခြိမ်းခြောက်ဖို့အတွက် အရှေ့အလယ်ပိုင်းမှာ အင်အားပြခဲ့ပေမယ့် ထင်သလို ဖြစ်မလာ ခဲ့ပါဘူး။ အမေရိကန်ဟာ ဟော်မုဇ်ရေလက်ကြားကို သူတစ်ဦးတည်းနဲ့ ပြန်မဖွင့်နိုင်တာကြောင့် သူစခဲ့တဲ့ ပဋိပက္ခ ကို ကိုင်တွယ်ဖို့အတွက်  သူ့ရဲ့ မဟာဗျူဟာမြောက် ပြိုင်ဘက် (တရုတ်) ရဲ့ အကူအညီကို လိုအပ်လာပါပြီ”ဟု ၎င်းက ဆိုသည်။

တရုတ် အနေဖြင့် ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကူညီပေးရန် အစီအစဉ် ရှိ/မရှိကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနအား မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။

သို့သော် စစ်ပွဲအတွင်း ပါဝင်နေသည့် သက်ဆိုင်ရာနိုင်ငံများ အနေဖြင့် စစ်ဆင်ရေးများကို ချက်ချင်းရပ်ရန်၊ တင်းမာ မှုကို ထပ်မံ မမြင့်တက်စေရန်၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကို ထိခိုက်စေမည့် ဒေသတွင်း ပရမ်းပတာ အခြေအနေ ကို တားဆီးရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

Source: အေပီ