CNI International News

ဘေကျင်း၊ ဖေဖော်ဝါရီ ၁၄

ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရေးအတွက် အကူအညီပေးရန် ရုရှားသမ္မတ ပူတင် (Vladimir Putin) နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) တို့ တွေ့ဆုံပြီး အစည်းအဝေး ပြုလုပ်ရန် တရုတ်က အဆိုပြုခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

မကြာသေးမီ သီတင်းပတ်များအတွင်း တရုတ်အရာရှိများသည် ပူတင်နှင့် ထရမ့်တို့အကြား အစည်းအဝေး ပြုလုပ်ရေးအတွက် အဆိုပြုချက်ကို ထရမ့်၏ အဖွဲ့ထံ ပေးပို့ခဲ့သည်ဟု ဝေါစထရိဂျာနယ်က ဘေကျင်းနှင့် ဝါရှင်တန်ရှိ တာဝန်ရှိသူများကို ကိုးကားပြီး ဖော်ပြခဲ့သည်။

ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး သတင်းထောက်များက ဖေဖော်ဝါရီ ၁၃ ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန၏ ပြောရေးဆိုခွင့်ရှိသူကို မေးမြန်းရာတွင် ထိုကိစ္စကို မသိကြောင်း ပြောရေးဆိုခွင့်ရှိသူက ဖြေကြားခဲ့သည်။

ပူတင်နှင့် ယူကရိန်းသမ္မတ ဇာလန်းစကီး ( Volodymyr Zelenskiy) တို့သည် ဖေဖော်ဝါရီ ၁၂ ရက်က ၎င်းနှင့် သီးခြားစီ ဖုန်းပြောခဲ့ချိန်တွင် ငြိမ်းချမ်းရေးယူရန် ဆန္ဒရှိကြောင်း ဖော်ပြခဲ့ကြသည်ဟု ထရမ့်က ပြောကြားခဲ့သည်။

ထို့ပြင် ထရမ့်သည် ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် ဆွေးနွေးပွဲများကို စတင်ရန် ထိပ်သီး အမေရိကန် အရာရှိများကို အမိန့်ပေးခဲ့သည်။

ပူတင်၊ ရှီကျင့်ဖျင်နဲ့ ဒေါ်နယ်ထရမ့်တို့ကို  တွေ့ရစဉ်

ပူတင်နှင့်ထရမ့်တို့သည် တွေ့ဆုံရန် သဘောတူညီခဲ့ကြကြောင်း၊ ပူတင်သည် ထရမ့်ကို မော်စကိုသို့ လာရောက်ရန် ဖိတ်ကြားခဲ့ကြောင်း ကရင်မလင်နန်းတော်က ထုတ်ပြန်ခဲ့သည်။

ထရမ့်ကမူ သူနှင့် ပူတင်တို့သည် ဆော်ဒီအာရေဗျနိုင်ငံတွင် ပထမဆုံးအကြိမ် တွေ့ဆုံပြီး အစည်းအဝေး ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“နိုင်ငံတကာ အရေးကိစ္စတွေနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ ရုရှားက ခိုင်မာတဲ့ အဆက်အသွယ်တွေ ရှိနေတာကို မြင်ရတာ တရုတ်နိုင်ငံက ပျော်ရွှင်မိပါတယ်။ အမေရိကန်နဲ့ ရုရှားဟာ ဩဇာကြီးမားတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်”ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဂူးကျားကွမ် (Guo Jiakun) က ပြောကြားခဲ့သည်။

ဆွေးနွေးညှိနှိုင်းမှုများသည် ပဋိပက္ခကို ဖြေရှင်းနိုင်မည့် တစ်ခုတည်းသော ခိုင်မာသည့် နည်းလမ်းဖြစ်ပြီး ငြိမ်းချမ်းရေးကို အကောင်အထည် ဖော်နိုင်လိမ့်မည်ဖြစ်ကြောင်း ဂူးက ပြောကြားခဲ့သည်။

Source: ရိုက်တာ