CNI International News

ဝါရှင်တန် ၊အောက်တိုဘာ ၁၈

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)က ဟန်ဂေရီနိုင်ငံတွင် ရုရှားသမ္မတ ပူတင်(Vladimir Putin) နှင့် တွေ့ဆုံသွားမည်ဟု ပြောကြားခဲ့ကြောင်း အယ်လ်ဂျားဇီးယားမှ ဖော်ပြခဲ့သည်။

ယူကရိန်းတွင် ဖြစ်ပွားနေသည့် စစ်ပွဲနှင့်ပတ်သက်ပြီး ဆွေးနွေးရန်အတွက် ရုရှားသမ္မတ ပူတင်နှင့် ထပ်မံတွေ့ဆုံ ရန် သဘောတူညီချက် ရရှိခဲ့သည်ဟု ထရမ့်က ပြောကြားခဲ့ခြင်းဖြစ်သည်။

နှစ်နိုင်ငံ ခေါင်းဆောင်များသည် ဖုန်းပြောဆိုပြီးနောက် ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်မြို့တော်တွင် တွေ့ဆုံသွားမည့် အကြောင်း ထရမ့်က အောက်တိုဘာ ၁၆ ရက်တွင် လူမှုမီဒီယာပေါ်၌ ကြေညာခဲ့ခြင်းဖြစ်သည်။

ထိုတွေ့ဆုံမှုသည် သီတင်းနှစ်ပတ်အတွင်း ဖြစ်လာဖွယ်ရှိသည်ဟု ထရမ့်က နောက်ပိုင်းတွင် သတင်းစာ ရှင်းလင်းပွဲ ၌ ပြောကြားခဲ့သည်။

အိမ်ဖြူတော်တွင် ယူကရိန်းသမ္မတ ဇာလန်စကီး(Volodymyr Zelenskyy) ကို လက်ခံ မတွေ့ဆုံမီ တစ်ရက်အလို တွင် ထရမ့်က ပူတင်နှင့် တွေ့ဆုံမည့် အကြောင်းကို ထုတ်ဖော် ပြောကြားလာခဲ့ခြင်းဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတ ပူတင် တွေ့ဆုံစဉ်

ထို့ပြင် ထရမ့်က တာဝေးပစ် Tomahawk ဒုံးကျည်များ ရရှိရေးအတွက် ယူကရိန်း၏ ကြိုးပမ်းမှုကိုလည်း မေးခွန်း ထုတ်ခဲ့သည်။

ထရမ့်နှင့်ပူတင်တို့ တွေ့ဆုံမှုသည် ထရမ့် အာဏာ ပြန်လည်ရရှိလာပြီးနောက်ပိုင်း ၎င်းတို့နှစ်ဦး၏ ဒုတိယအကြိမ် တွေ့ဆုံမှု ဖြစ်လာမည် ဖြစ်သည်။

သမ္မတနှစ်ဦး တွေ့ဆုံကြသည့်အခါ အသေးစိတ် ကိစ္စများကို ဆွေးနွေးရန်အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို(Marco Rubio) နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေ လက်ဗရော့ (Sergey Lavrov)တို့ လာမည့် သီတင်းပတ်တွင် တွေ့ဆုံသွားမည်ဖြစ်သည်။

“ပူတင်နဲ့ ဖုန်းဆက်သွယ် ပြောဆိုမှုက တော်တော်လေး အကျိူးရှိပါတယ်။ ပူတင်နဲ့ နှစ်ပတ်လောက်အတွင်း ဒါမှမဟုတ် အမြန်ဆုံး တွေ့ဆုံဖို့ မျှော်လင့်ထားပါတယ်”ဟု ထရမ့်က သတင်းထောက်များကို ပြောကြားခဲ့သည်။

Source: အယ်လ်ဂျားဇီးယား