CNI International News
လီမာ၊ အောက်တိုဘာ ၁၈
ပီရူးနိုင်ငံတွင် အစိုးရဆန့်ကျင်သည့် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ကြား အဓိကရုဏ်း ဖြစ်ပွားခဲ့ပြီးနောက် လီမာ (Lima) မြို့တော်တွင် အရေးပေါ် အခြေအနေ ကြေညာသွားမည်ဟု ကြားဖြတ်အစိုးရက ပြောကြားခဲ့ကြောင်း DW သတင်းမှ ဖော်ပြခဲ့သည်။
လုပ်ခလစာ လျော့နည်းခြင်း၊ အကျင့်ပျက်ခြစားခြင်းနှင့် စနစ်တကျ စီစဉ်လုပ်ဆောင်သော ရာဇဝတ်မှုများကြောင့် လူငယ်များက ဦးဆောင်သည့် ဆန္ဒပြမှုများသည် သီတင်းပတ် ပေါင်းများစွာကြာ ဖြစ်ပွားခဲ့သည်။
လီမာမြို့တော်တွင် ဆန္ဒပြမှုများသည် အကြမ်းဖက်မှုအသွင် ပြောင်းလဲလာခဲ့ပြီး အောက်တိုဘာ ၁၅ ရက်၌ လူတစ်ဦး ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့ကာ လူ ၁၀၀ ကျော်နှင့် ရဲအရာရှိ ၈၀ ခန့် ဒဏ်ရာရရှိခဲ့သည်။
သမ္မတဟောင်း ဒိုင်နာဘိုလာတေး( Dina Doluarte) လက်ထက်တွင် ရာဇဝတ်မှုများ ထူပြောလာခဲ့ပြီး အဂတိ လိုက်စားမှုတို့ မြင့်တက်လာခဲ့သည်ဟု ဝေဖန်သူများက ပြောကြားခဲ့သည်။
ထို့ကြောင့် လွှတ်တော်အမတ်များက ဘိုလူတေးကို လွှတ်တော်တွင် စွပ်စွဲပြစ်တင်ပြီး ရာထူးမှ ဖယ်ရှားခဲ့ပြီးနောက် ပီရူး၌ ဆန္ဒပြမှုများ ဖြစ်ပွားနေခြင်းဖြစ်သည်။
ပီရူးမှာ ဆန္ဒပြနေကြစဉ်
လူငယ်များ ဦးဆောင်သည့် ဆန္ဒပြပွဲများတွင် ပီရူးပြည်သူပေါင်း ထောင်ချီ ပူးပေါင်းပါဝင်လာခဲ့သည်။
ဘိုလာတေးနေရာတွင် အစားထိုး တာဝန်ထမ်းဆောင်ခဲ့သည့် သမ္မတဂျို့စ်ဂျီရီ(Jose Jeri)ကို ရာထူးမှ နှုတ်ထွက် ပေးရန် ဆန္ဒပြသူများက တောင်းဆိုခဲ့သည်။
ဂျီရီက သူသည် ရာထူးမှ နုတ်ထွက်သွားမည် မဟုတ်ကြောင်း အောက်တိုဘာ ၁၆ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
“ကျနော့် တာဝန်က တိုင်းပြည်တည်ငြိမ်ရေးကို ပြန်လည် ဖော်ဆောင်သွားမှာဖြစ်ပြီး ဒါက ကျနော့် တာဝန်နဲ့ ကျနော့် ကတိကဝတ်ပါ”ဟု အသက် ၃၈ နှစ်အရွယ် ဂျီရီက ဆိုသည်။
ဂျီရီက အများပြည်သူ ဘေးကင်းလုံခြုံရေး ပြဿနာများအတွက် ဥပဒေတစ်ရပ် ဖော်ဆောင်ပေးရန် လွှတ်တော်ကို တောင်းဆိုသွားမည်ဟုလည်း ၎င်းကဆိုသည်။
Source: DW