CNI International News

ဆန်နာ၊ အောက်တိုဘာ ၁၈

ယီမင်နိုင်ငံ၏ ဟူရ်သီအဖွဲ့က ၎င်းတို့၏ ထိပ်သီး စစ်ခေါင်းဆောင်များထဲတွင် တစ်ဦး အပါအဝင်ဖြစ်သည့် စစ်ဦးစီးချုပ် မိုဟာမက် အဘ် အယ်ကာရင် အယ်ဂါမာရီ (Abd al-Karim al-Ghamari) သည် သေဆုံးသွားပြီ ဖြစ်ကြောင်း အောက်တိုဘာ ၁၆ ရက်က ပြောကြားခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ဟူရ်သီအဖွဲ့၏ ကြေညာချက် ထွက်ပေါ်လာခဲ့ပြီးနောက် နာရီပိုင်းအတွင်းမှာပင် အစ္စရေးက ဂါမာရီ သေဆုံးမှုကို တာဝန်ခံ ထွက်ဆိုခဲ့ပြီး ဂါမာရီသည် အစ္စရေး၏ တိုက်ခိုက်မှု တစ်ခုအတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်ဟု အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေး ကက်ဇ် (Israel Katz) က ပြောကြားခဲ့သည်။

ဟူရ်သီအဖွဲ့က ထုတ်ပြန်သည့် အစီအရင်ခံစာတွင်မူ အစ္စရေးနှင့် ပဋိပက္ခသည် အဆုံးမသတ်သေးကြောင်း အစ္စရေးအနေဖြင့် ၎င်းတို့ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် အပြစ်ပေးခံရမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

သြဂုတ်လအတွင်းက အစ္စရေးသည် ယီမင်နိုင်ငံ၊ ဆန်နာ (Sanaa) မြို့တော်တွင် ဂါမာရီ အပါအဝင် ဟူရ်သီအဖွဲ့၏ ထိပ်သီး ခေါင်းဆောင်များကို ပစ်မှတ်ထား တိုက်ခိုက်ကြောင်း ပြောကြားခဲ့သည်။

ထိုတိုက်ခိုက်မှုအတွင်း ဟူရ်သီအဖွဲ့ ထိန်းချုပ်ထားသည့် အစိုးရအဖွဲ့၏ ဝန်ကြီးချုပ်နှင့် အခြားဝန်ကြီးများ သေဆုံးခဲ့သည်။

ဟူရ်သီသူပုန်ကို တွေ့ရစဉ်

ဂါဇာတွင် အစ္စရေးနှင့် ဟားမာ့စ်အဖွဲ့ကြား အမေရိကန်က အဆိုပြုခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက် ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ၆ ရက်မြောက်နေ့တွင် ဟူရ်သီအဖွဲ့၏ စစ်ဦးစီးချုပ် သေဆုံးသည့်သတင်း ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ထိုအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ဂါဇာတွင် ပါလက်စတိုင်း ၆၈,၀၀၀ နီးပါးခန့် သေဆုံးစေခဲ့သည့် စစ်ပွဲကို အဆုံးသတ်စေခဲ့သည်။

ဟူရ်သီအဖွဲ့သည် ဂါဇာရှိ ပါလက်စတိုင်းတို့နှင့် စည်းလုံးညီညွတ်ကြောင်း ပြသသည့် အနေဖြင့် အစ္စရေးကို ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည်ဟု ပြောကြားခဲ့ကာ ထိုဒုံးကျည်အများစုကို အစ္စရေးက ကြားဖြတ်ပစ်ချနိုင်ခဲ့သည်။

ထို့ပြင် ဟူရ်သီအဖွဲ့၏ တိုက်ခိုက်မှုကို တုံ့ပြန်သည့် အနေဖြင့် အစ္စရေးက ယီမင်တွင် ဟူရ်သီတို့ ထိန်းချုပ်ထားသော နေရာများကို တိုက်ခိုက်ခဲ့သည်။

ဟူရ်သီခေါင်းဆောင် အဗ္ဗဒယ် မာလစ် အယ်ဟူရ်သီ (Abdel-Malik al-Houthi) ကမူ ၎င်းတို့အဖွဲ့သည် ဂါဇာ အပစ် အခတ်ရပ်စဲရေး သဘောတူညီချက်ကို အစ္စရေးက လိုက်နာမှု ရှိ၊ မရှိ စောင့်ကြည့်မည်ဖြစ်ကြောင်းနှင့် အစ္စရေးက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်မည်ဆိုပါက ဂါဇာကို ပြန်လည် ထောက်ပံ့ပေး သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source: အယ်လ်ဂျာဇီးယား