CNI International News
ကိယက်ဗ်၊ အောက်တိုဘာ ၁၈
မြောက်ကိုရီးယားတပ်ဖွဲ့များသည် ရုရှားတပ်ဖွဲ့များအတွက် ထောက်လှမ်းမှုများ ပြုလုပ်ပေးရန်နှင့် ယူကရိန်း နိုင်ငံအတွင်းရှိ ပစ်မှတ်များကို ရှာဖွေတိုက်ခိုက်ရန်အတွက် ဒရုန်းများ အသုံးပြုနေကြောင်း ယူကရိန်းစစ်တပ်က အောက်တိုဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်ဟု Business Insider မှ ဖော်ပြခဲ့သည်။
၂၀၂၄ ခုနှစ်၊ သြဂုတ်လက ယူကရိန်းတပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့သည့် ရုရှားနိုင်ငံ၏ ကာ့စ် (Kursk) ဒေသတွင် မြောက်ကိုရီးယားစစ်သားများ လှုပ်ရှားနေကြောင်း ယူကရိန်းစစ်တပ်က ပြောကြားခဲ့သည်။
မြောက်ကိုရီးယားသည် ကာ့စ်ဒေသသို့ စစ်သားများ စေလွှတ်ပြီး ယူကရိန်းတပ်ဖွဲ့များကို ခုခံနေသည့် ရုရှားတပ်ဖွဲ့ များကို စစ်ကူပေးခဲ့သည်။
ထိုကာ့စ်ဒေသရှိ မြောက်ကိုရီးယားတပ်ဖွဲ့များသည် ယူကရိန်း၏ ဆူမီ (Sumy) ဒေသ၏ ကောင်းကင်ယံတွင် လေကြောင်းမှ ကင်းထောက်လှမ်းမှုများပြုလုပ်ရန်၊ ယူကရိန်းစစ်သားများ၏ စခန်းတည်နေရာများကို သိရှိရန်နှင့် ရုရှားတပ်ဖွဲ့များကို ပစ်မှတ်များ ရှာဖွေပေးရန် ဒရုန်းများကို အသုံးပြုနေကြောင်း ယူကရိန်းစစ်တပ်က ထုတ်ပြန်ခဲ့ သည်။
မြောက်ကိုရီးယားစစ်တပ်ကိုတွေ့ရစဉ်
ဒရုန်းများကို အသုံးပြုသည့် မြောက်ကိုရီးယားတပ်ဖွဲ့များနှင့် ရုရှားတပ်ဖွဲ့များကြား ဆက်သွယ် ပြောဆိုမှုများကို ကြားဖြတ်ဖမ်းယူနိုင်ခဲ့ကြောင်း မြောက်ကိုရီးယား၏ ဒရုန်းတပ်ဖွဲ့သည် ယူကရိန်းစစ်စခန်းများ၏ တည်နေရာအား တိုက်ခိုက်ရန် ရုရှား၏ အတွဲလိုက် ဒုံးပစ်စနစ်များကို တည်နေရာ ချိန်ညှိပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ သည်။
မကြာသေးမီက မြောက်ကိုရီးယား စစ်သားတစ်ဦး၏ အနီးတွင် ကင်းထောက်လှမ်းမှုများနှင့် တိုက်ခိုက်ရေး မစ်ရှင် များ၌ အသုံးပြုသည့် ဒရုန်းများကို ရိုက်ကူးထားသည့် ဗွီဒီယိုမှတ်တမ်းတစ်ခုအား ယူကရိန်းက ထုတ်ပြန်ခဲ့သည်။
ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး အမေရိကန်ရှိ ရုရှားသံရုံးနှင့် မော်စကိုရှိ ရုရှားကာကွယ်ရေးဝန်ကြီးဌာနတို့က မှတ်ချက်ပေးရန် တောင်းဆိုမှုကို တုံ့ပြန်ခဲ့ခြင်းမရှိပေ။
မြောက်ကိုရီးယားတပ်ဖွဲ့များသည် ယူကရိန်း၏ ဆူမီဒေသအတွင်း ရုရှား၏ စစ်ဆင်ရေးများကို မည်သည့် အချိန် ကတည်းက ထောက်ပံ့ပေးနေသည်ကို ရှင်းလင်းစွာ မသိရပေ။
ပြီးခဲ့သည့်လက ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskyy) ကမူ ဆူမီဒေသတွင် ယူကရိန်းတပ်ဖွဲ့ များသည် ရုရှား၏ ထိုးစစ်ကို တွန်းလှန်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
Source: Business Insider