CNI News

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၄

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လက်နက်ကိုင်ဆောင်ထားသည့် အဖွဲ့အစည်း အသီးသီးအနေဖြင့် ကိုယ့်အကျိုးစီးပွားကို အခြေခံစဉ်းစားပြီးမှသာ နိုင်ငံအတွက် စဉ်းစားကြခြင်းမှာ သဘာဝဖြစ်နေကြောင်း ရန်ကုန် စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။

ထို့ပြင် ခေတ်အဆက်ဆက် ဗမာခေါင်းဆောင်များအနေဖြင့် ပြောခဲ့သည့်အတိုင်း မလုပ်ပေး နိုင်ခဲ့သည်များရှိသည့် အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့်လည်း ဗမာခေါင်းဆောင်များအပေါ်တွင် ယုံကြည်ရန် ခက်ခဲသော ပြဿနာမှာ အတိုင်းအတာ တစ်ခုအထိရှိကြောင်း ၎င်းက ပြောသည်။

ဒေါက်တာညိုညိုသင်းက “အပစ်အခတ်ရပ်စဲရေး ဆိုပေမယ့်လည်း မြေပြင်မှာ တကယ် အပစ်အခတ်ရပ်စဲတာ ဖြစ်ချင်မှဖြစ်မယ်။ ထိတွေ့မှု မရှိတာတွေလည်း ရှိခဲ့ရင်ရှိခဲ့မယ်။ နောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အကြီးကြီးတွေမှာ ကိုယ်ပိုင် အကျိုးစီးပွားတွေ အများကြီး တွေ့နေရတယ်။ ဒါကဘယ်လိုမှ မငြင်းနိုင်တဲ့အချက်ပဲ။ ဘယ်သူမှ မဟုတ်ပါဘူး မရှိပါဘူး ပြောလို့မရဘူး။ အခုချိန်ပိုပြီးတောင် ထင်ရှားလာတယ်။ မိမိတို့ရဲ့ ကိုယ်ပိုင် အကျိုးစီးပွား ကိုယ်ကျိုးစီးပွားကို စွန့်လွှတ်ပြီး ငြိမ်းချမ်းရေး ယူရမယ်ဆိုတာက သူတို့ဘက်ကလည်း စိန်ခေါ်မှုကြီး အကြီးကြီး ဖြစ်တယ်။ ဒါကြောင့် လက်နက်နဲ့ ငြိမ်းချမ်းရေး လဲမယ်ဆိုတဲ့ကိစ္စဟာ တကယ်တမ်းမှာ အပြောလွယ် သလောက် အကောင်အထည်ဖော်ဖို့ကြ တိုင်းရင်းသားခေါင်းဆောင် တချို့အတွက်က အရမ်းကို အရင်းအနှီးကြီး တယ်။ ဒါကြောင့်မို့လို့ သူတို့ကလည်း ဒါစဉ်းစားလိမ့်မယ်။ အချိန်ယူလိမ့်မယ်။ ဒါအတွက်လည်း သဘာဝကျတယ်။ ဘယ်သူမဆိုကိုယ့်ရဲ့လုံခြုံမှု၊ ကိုယ့်ရဲ့ ကိုယ်ပိုင် အကျိုးစီးပွားအတွက်ကို အခြေခံစဉ်းစားပြီးတော့မှ နောက်တဆင့် နိုင်ငံအတွက်ကို စဉ်းစားကြတာက သဘာဝလို ဖြစ်နေတယ်။ ဒါကြောင့် အချိန်က စကားပြောသွား လိမ့်မယ်။ တိုင်းပြည်ရဲ့ အနာဂတ်အပေါ်မှာ ဘယ်သူတွေက စေတနာရှိလဲဆိုတဲ့အပေါ် မူတည်ပြီး နိုင်ငံရဲ့ အနာဂတ်ကလည်း ပြောင်းလဲသွားလိမ့်မယ်လို့ ခန့်မှန်းတယ်” ဟု ပြောသည်။

Peace Talk ဆွေးနွေးပွဲကို တွေ့ရစဉ်

နစက၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)က ကျင်းပ သည့် Peace Forum 2025 တွင် DKBA မှ စစ်ရေးချုပ် ဗိုလ်မှူးချုပ်စောစိန်ဝင်းက တရားဥပဒေစိုးမိုးနိုင်သည့် အခင်းအကျင်းနှင့် တရားဥပဒေ၏ အကာအကွယ် အပြည့်အဝ ရရှိလာလျှင် လက်နက်ကိုင်လမ်းစဉ်မှာ ပြောင်းလဲ သွားနိုင်ကြောင်း ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ၏ လက်နက်ကိုင်တော်လှန်ရေး ဖြစ်ပေါ်လာသည့် အဓိကပြဿနာမှာ တိုင်းရင်းသားများ၏ မူလ အခွင့်အရေး မရခဲ့သောကြောင့် ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးမှု မရှိသကဲ့သို့ ခေတ်အဆက်ဆက် ပြဋ္ဌာန်းခဲ့သည့် ဥပဒေထဲတွင်လည်း လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများသာ ရှိနေကြောင်း  စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများမဟာမိတ် (UNA) မှ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။

ငြိမ်းချမ်းရေးဖိုရမ်ကျင်းပစဉ်

၎င်းက “ဒီနိုင်ငံရဲ့ပြဿနာကလေ လက်နက်ကိုင်တော်လှန်ရေးတွေ ဖြစ်ရတဲ့ အကြောင်းအရင်းဟာ ပြည်ထောင်စု ထဲမှာရှိနေတဲ့ လွတ်လပ်ရေးကို အတူတူယူခဲ့ကြတဲ့ တိုင်းရင်းသားတွေရဲ့ မူလအခွင့်အရေးမရလို့ လက်နက်ကိုင် တော်လှန်ရေးဖြစ်တာ အဲဒါကတစ်ချက်။ နောက်တစ်ချက်မှာ ထပ်ပြောရမှာက လွတ်လပ်ရေး ယူစဉ်တုန်းကတော့ အရပ်သားအစိုးရ အုပ်ချုပ်တယ်။ ၅၈ မှာတစ်ခါ ၆၂ မှာတစ်ခါ ၈၈ မှာတစ်ခါ အခု ၂၀၂၁ မှာတစ်ခါပေါ့ အကြိမ်ကြိမ် စစ်တပ်က အာဏာသိမ်းတယ်။ သူတို့က သူတို့လိုသလို သူတို့ရဲ့ ကိုယ်ကျိုး၊ လူပုဂ္ဂိုလ်အကျိုး၊ မိမိတို့ရဲ့ တပ်ဖွဲ့ အကျိုး ဒီလောက်ကိုပဲ သူတို့လုပ်ကြတာ ဖြစ်တယ်။ အဲဒီလို မမျှတတဲ့အတွင်းမှာ အခု ၂၀၂၁ ဆို အဆိုးဆုံး အခြေအနေတစ်ခုကို ရောက်သွားတယ်လေ တော်လှန်ကြတာ။ ပြည်သူတစ်ရပ်လုံး တော်လှန်ကြတာ။ ဆိုလိုတာ က တရားဥပဒေ စိုးမိုးမှုလည်း မရှိသလို တရားဥပဒေဆိုတာကလည်း ခေတ်အဆက်ဆက် ဥပဒေထဲမှာ လူပုဂ္ဂိုလ် တွေ အဖွဲ့အစည်းတွေ အဲဒါမျိုးတွေ ရှိနေတယ်။ ဒီတော့ ဥပဒေစိုးမိုးမှု မရှိတာလည်းပါသလို အုပ်ချုပ်တဲ့လူတွေရဲ့ ကိုယ်ကျိုးအတ္တတွေကြောင့်လည်း ပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အားလုံးပါဝင်နိုင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ယုံကြည်မှု ပြန်လည် တည်ဆောက်ရမည်ဖြစ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

ထို့ပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာ၌ အဓိကအားဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမည် ဖြစ်ကြောင်း၊ ထိုအခင်းအကျင်း မရှိပါက ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ရပ် အောင်မြန်ရန် မလွယ်ကူကြောင်းလည်း ၎င်းတို့က သုံးသပ်ကြသည်။