CNI International News
ဆစ်ဒနီ၊ ဇူလိုင် ၄
ဩစတြေးလျသည် အမေရိကန်ထံမှ ဒေါ်လာ ၁ ဒသမ ၃ ဘီလျံတန်ဖိုးရှိ အသံထက်မြန်သည့် စူပါဆိုးနစ် ဒုံးကျည် များကို ဝယ်ယူမည်ဖြစ်ကြောင်း ဩစတြေးလျဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘန်းနိစ် (Anthony Albanese) က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ဩစတြေးလျကာကွယ်ရေး စက်မှုလုပ်ငန်းရေးရာဝန်ကြီး ပက် ကွန်ရွိုင်း (Pat Conroy) က အမေရိကန်၏ Raytheon Technologies ကုမ္ပဏီမှ ထုတ်လုပ်သည့် AIM-120C-8 နှင့် AIM-120D-3 ဒုံးကျည်များ ဝယ်ယူမှုကို ဇူလိုင် ၃ ရက်က အတည်ပြုခဲ့ခြင်းဖြစ်သည်။
ထိုဒုံးကျည်များကို ဩစတြေးလျ၏ F/A-18 နှင့် F-35 တိုက်လေယာဉ်များတွင် အသုံးပြုသွားမည်ဖြစ်ပြီး အသစ် တည်ထောင်ခဲ့သည့် ကြည်းတပ် တပ်ရင်းတစ်ခုကလည်း ထိုဒုံးကျည်များကို ကီလိုမီတာ ၅၀၀ အကွာအဝေးရှိ လေကြောင်းပစ်မှတ်များကို တိုက်ခိုက်ရန် အသုံးပြုသွားမည်ဟု ၎င်းက ဆိုသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် လူချင်းမတွေ့ဆုံရသေးသည့် အယ်လ်ဘန်းနိစ်ကမူ ဩစတြေးလျ၏ ကာကွယ်ရေး အသုံးစရိတ်ကို ဂျီဒီပီ၏ ၃ ဒသမ ၅ ရာခိုင်နှုန်း အသုံးပြုရန် အမေရိကန်၏ တောင်းဆိုချက်ကို လိုက်လျောခြင်း မရှိသေးဘဲ ၂၀၃၃ ခုနှစ်တွင် ကာကွယ်ရေး အသုံးစရိတ်ကို ၂ ဒသမ ၃ ရာခိုင်နှုန်း မြင့်တင်ရန် ရည်ရွယ်ထားကြောင်း ပြောကြာခဲ့သည်။
စူပါဆိုနစ်ဒုံးကျည်ကိုတွေ့ရစဉ်
ဝါရှင်တန်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) နှင့် တွေ့ဆုံခဲ့သည့် ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီ ဝေါင် (Penny Wong) ကမူ ဩစတြေးလျသည် ကာကွယ်ရေး စွမ်းဆောင်ရည်များကို မြှင့်တင်နေကြောင်း ပြောကြားခဲ့သည်။
“ကာကွယ်ရေးကဏ္ဍအတွက် ထပ်ဖြည့်ရမယ့် အရာတွေ ရှိတယ်ဆိုတာကို ကျနော် သိပါတယ်။ ကျနော်တို့ဟာ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ငွေကြေးသုံးစွဲသွားမှာပါ”ဟု ဝေါင်က ပြောကြားခဲ့သည်။
အယ်လ်ဘန်းနိစ်သည် ပြီးခဲ့သည့်လက ကနေဒါတွင် ပြုလုပ်ခဲ့သည့် စက်မှုထိပ်သီး ၇ နိုင်ငံ (G-7) အစည်းအဝေး၌ ထရမ့်နှင့် သီးသန့်တွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း ထိုအချိန်က အစ္စရေးနှင့် အီရန်ကြား စစ်ပွဲဖြစ်ပွားခဲ့သဖြင့် ထရမ့် သည် အမေရိကန်သို့ စောစီးစွာ ပြန်လည်ထွက်ခွာသွားခဲ့သည်။
အယ်လ်ဘန်းနိစ်သည် တရုတ်၏ စစ်ရေးအင်အား ကြီးမားလာမှုကို တုံ့ပြန်ရန်အတွက် ပြီးခဲ့သည့်နှစ်က ဥရောပနှင့် အမေရိကန်ထံမှ ဒုံးကျည်များကို ဝယ်ယူရန် ဒေါ်လာ ၄၇ ဘီလျံ အသုံးပြုသွားမည်ဟု ကတိပြုခဲ့သည်။
Source: ရိုက်တာ