CNI International News

တိုင်ပေ၊ ဇူလိုင် ၄

ဂျာမနီကုမ္ပဏီများသည် ကမ္ဘာလုံးဆိုင်ရာ ဒရုန်းစျေးကွက်ကို လွှမ်းမိုးထားသည့် တရုတ်နိုင်ငံအပေါ် မှီခို အားထားမှု အား လျှော့ချပြီး ထိုင်ဝမ်ထံမှ ဒရုန်းများကို ပိုမိုဝယ်ယူရန် မျှော်လင့်နေကြသည်ဟု DW သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

ထိုင်ဝမ်၏ ကျွမ်းကျင်ပညာရှင်အဖွဲ့ဖြစ်သည့် DSET အဖွဲ့၏ ယခုလအတွင်း ထုတ်ပြန်သော အစီအရင်ခံစာတွင် ၂၀၂၅ ခုနှစ် ပထမသုံးလပတ် ကာလအတွင်း ဂျာမနီသည် ထိုင်ဝမ်လုပ် ဒရုန်းများကို ဒုတိယအများဆုံး ဝယ်ယူ သော နိုင်ငံဖြစ်လာကြောင်း ဖော်ပြခဲ့သည်။

“ဒရုန်းဝယ်ယူမှုနဲ့ပတ်သက်ပြီး တရုတ်ကို မှီခိုနေရတဲ့ အခြေအနေက တဖြည်းဖြည်း လျှော့ချဖို့ ကြိုးပမ်းနေပါ တယ်” ဟု ဂျာမနီစစ်တက္ကသိုလ်မှ ထောက်လှမ်းရေးနှင့် လုံခြုံရေးလေ့လာမှုစင်တာ (CISS) မှ သုတေသီတစ်ဦး ဖြစ်သည့် ဗီရီနာ ဂျက်ဆင် (Verena Jackson) က ပြောကြားခဲ့သည်။

ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ် တစ်ခုအဖြစ် ကြေညာထားသည့် တရုတ်ကမူ ထိုင်ဝမ်နှင့် အခြားနိုင်ငံများကြား သံတမန်ရေးနှင့် ကုန်သွယ်ရေး ဆက်ဆံမှုများကို အပြင်းအထန် ဝေဖန်ရှုတ်ချလေ့ရှိသည်။

ထိုင်ဝမ်ထုတ် ဒရုန်းကို တွေ့ရစဉ်

တရုတ်နှင့် ဂျာမနီကြား နီးကပ်သည့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကြောင့် ထိုင်ဝမ်ထံမှ ဒရုန်းများ၊ ဒရုန်း အစိတ်အပိုင်းများကို ပိုမိုဝယ်ယူလိုသော ဂျာမနီ၏ အိုင်ဒီယာအား တရုတ်အစိုးရက ဒေါသထွက်ဖွယ်ရှိနေသည်။

တရုတ်သည် ကမ္ဘာလုံးဆိုင်ရာ ဒရုန်းထုတ်လုပ်မှု စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းကြားရှိနေပြီး ဒရုန်း စျေးကွက်ကို လွှမ်းမိုးထားဆဲ ဖြစ်နေသည့်တိုင် ထိုင်ဝမ်သည်လည်း ဒရုန်းထုတ်လုပ်ရေးတွင် ပေါ်ထွန်းစ စျေးကွက် တစ်ခု ဖြစ်လာခဲ့ကြောင်း ဂျက်ဆင်က ပြောသည်။

“ထိုင်ဝမ်ကုမ္ပဏီတွေအတွက် အားသာချက်ကတော့ တရုတ်နဲ့ ပတ်သက်မှုမရှိတဲ့ အရာတွေကို လုပ်ဆောင်ဖို့ ကြိုးပမ်းနေတာပဲ ဖြစ်ပါတယ်။ ဒါဟာ ကျနော်တို့ရဲ့ ဥရောပမိတ်ဖက်တွေအတွက် ကြီးမားတဲ့ ဆွဲဆောင်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်” ဟု DSET အဖွဲ့မှ အမျိုးသားလုံခြုံရေး ပရိုဂရမ်၏ လက်ထောက်ညွှန်ကြားရေးမှူး ဟောင်လန် တီအန် (Hong-Lun Tiunn) က ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ်ကတည်းက ထိုင်ဝမ်သည် ကိုယ်ပိုင်ဒရုန်း ထုတ်လုပ်ရေး လုပ်ငန်းကို အရှိန်မြှင့် လုပ်ဆောင်ခဲ့ပြီး တရုတ်က လွှမ်းမိုးထားသည့် ဒရုန်းစျေးကွက်ထဲကို ထိုးဖောက် ဝင်ရောက်ခဲ့သည်။

၂၀၂၄ ခုနှစ်၏ ဒုတိယနှစ်ဝက်အတွင်း ဥရောပသည် အမေရိကန်ကို ကျော်တက်ပြီး ထိုင်ဝမ်ဒရုန်းများအား အဓိက တင်သွင်းဝယ်ယူသည့် စျေးကွက်ဖြစ်လာခဲ့သည်ဟု DSET အဖွဲ့က ထုတ်ပြန်ခဲ့သည်။

Source: DW