CNI International News
ခါတွန်၊ မေလ ၇
ဆူဒန်နိုင်ငံ၏ ပင်နယ်နီဆိပ်ကမ်းဖြစ်သည့် Port Sudan ဆိပ်ကမ်းကို မေလ ၆ ရက်က ဆူဒန်အရန်စစ်တပ် (RSF) က ဒရုန်းများဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
အဆိုပါ ဒရုန်းတိုက်ခိုက်မှုကြောင့် ဆိပ်ကမ်းမြို့ရှိ လေဆိပ်၊ ဆိပ်ကမ်းနှင့် ဟိုတယ်တစ်ခု အပါအဝင် အဓိကပစ်မှတ် များ ထိမှန်ခဲ့သည်။
ထိုတိုက်ခိုက်မှုသည် Port Sudan ဆိပ်ကမ်းမြို့ကို ယခုသီတင်းပတ်အတွင်း ဒုတိယအကြိမ်မြောက် တိုက်ခိုက်မှု ဖြစ်သည်။
ထိုမြို့သည် ၂ နှစ်ကြာ ဖြစ်ပွားနေသည့် ဆူဒန်ပြည်တွင်းစစ်မှ ထွက်ပြေး တိမ်းရှောင်လာသူများ နေထိုင်လျက် ရှိသည့် မြို့ဖြစ်သည်။
ယခုနောက်ဆုံးအကြိမ် ဒရုန်း တိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှု မည်မျှရှိခဲ့သည်ဆိုခြင်းကိုမူ သတင်းများ ထွက်ပေါ်လာခြင်းမရှိသေးပေ။
ဒေသခံမီဒီယာများကမူ ဒရုန်းတိုက်ခိုက်မှုများကြောင့် ဆိပ်ကမ်းနှင့် လေဆိပ်တွင် ပေါက်ကွဲမှုများဖြစ်ပွားပြီး မီးလောင်ကျွမ်းခဲ့ကြောင်း ဖော်ပြခဲ့သည်။
ဆူဒန်ဆိပ်ကမ်း ဒရုန်းဖြင့် တိုက်ခိုက်ခံရတဲ့စဉ်
အွန်လိုင်းတွင် ထွက်ပေါ်လာသည့် ဗွီဒီယိုမှတ်တမ်းများအရ ထိုနေရာနှင့် အနီးတစ်ဝိုက်တွင် မီးခိုးလုံးများ ထွက်ပေါ်နေသည်ကို မြင်တွေ့ရသည်။
ဆူဒန်စစ်တပ်၏ မဟာမိတ်ဖြစ်သည့် ဆူဒန်အစိုးရက ဌာနချုပ်အဖြစ် ရုံးစိုက်ထားသော Port Sudan မြို့ကို တိုက်ခိုက်မှုသည် စစ်တပ်နှင့် အရန်စစ်တပ်ကြား ဖြစ်ပွားနေသော ပြည်တွင်းစစ်တွင် တစ်ဖက်နှင့်တစ်ဖက် ခြိမ်းခြောက်နိုင်စွမ်း ရှိနေသေးသည့် အခြေအနေကို ပြသရာရောက်ခဲ့သည်။
RSF ၏ ဒရုန်းများသည် မေလ ၆ ရက် နံနက်အစောပိုင်းက တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အမည် မဖော်လိုသည့် ဆူဒန်စစ်တပ်အရာရှိ ၂ ဦးက ပြောကြားခဲ့သည်။
ထိုတိုက်ခိုက်မှုကြောင့် လေကြောင်းခရီးစဉ်များ ဖျက်သိမ်းခဲ့ရပြီး Port Sudan မြို့သို့ ဦးတည်ပြေးဆွဲမည့် လေကြောင်းခရီးစဉ် ၃ ခုကို ဖျက်သိမ်းခဲ့ရကြောင်း အိမ်နီးချင်း အီဂျစ်နိုင်ငံ၏ ကိုင်ရို (Cairo) လေဆိပ် အချက်အလက်များတွင် ဖော်ပြခဲ့သည်။
RSF ကမူ ထိုတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ကြေညာချက် မထုတ်ပြန်ခဲ့ပေ။ RSF သည် မေလ ၄ ရက်ကလည်း Port Sudan မြို့ကို ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့သဖြင့် လေကြောင်းခရီးစဉ်များ ဖျက်သိမ်းခဲ့ရသည်။
Source: South China Morning Post